ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို မာရီယာကိုရီနာမာချာဒို ရရှိ

October 10, 2025

ဓာတ်ပုံ - Getty Images

၂၀၂၅ ခုနှစ်အတွက် ဂုဏ်သိက္ခာကြီးမားသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလား ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ဖြစ်သူ မာရီယာကိုရီနာမာချာဒိုက ရရှိခဲ့ပြီ ဖြစ်သည်။

ဗင်နီဇွဲလားပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေးများ မြှင့်တင်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု ၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ တရားမျှတမှုရှိရှိ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး တိုက်ပွဲဝင်မှုများကြောင့် မာရီယာကိုရီနာမာချာဒိုအား ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။

မကြာသေးမီကာလအတွင်း လက်တင်အမေရိကမှ အရပ်သားပြည်သူ့သတ္တိ၏ အထူးခြားဆုံး စံနမူနာများထဲမှ တစ်ခုအဖြစ် မာရီယာကိုရီနာ မာချာဒိုက ရပ်တည်နေကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဆိုသည်။

မာချာဒိုသည် ယခင်က အကွဲအပြဲနက်ရှိုင်းလွန်းသည့် ဗင်နီဇွဲလားအတိုက်အခံများကို စုစည်းပေးနိုင်သည့် အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အတိုက်အခံများအကြား လွတ်လပ်သော ရွေးကောက်ပွဲနှင့် ကိုယ်စားပြု အစိုးရတစ်ရပ် ဖော်ဆောင်ရေး တောင်းဆိုမှုတွင် ဘုံသဘောထား ရရှိစေနိုင်ခဲ့သည်။

အဆိုပါငြိမ်းချမ်းရေးနိုဘယ်ဆုကို ယနေ့ (အောက်တိုဘာလ ၁၀ ရက်)တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ Norwegian Nobel Institute က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း စုစုပေါင်း ၃၃၈ ခု တင်သွင်းထားရာတွင် လူပုဂ္ဂိုလ် ၂၄၄ ဦးနှင့် အဖွဲ့အစည်း ၉၄ ခု ပါဝင်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း လေ့လာသူများ ကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း ဆုနှင့်လွဲချော်ခဲ့သည်။