ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာဖိုက်တာ ကျော်စွာဝင်းကို Fairtex Gym က ၄ နှစ်သက်တမ်းစာချုပ် ချုပ်လိုက်ပြီ

September 9, 2025

မြန်မာဖိုက်တာ ကျော်စွာဝင်းအတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။ မန္တလေးသားလေး ကျော်စွာဝင်းရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်တဲ့အတွက် Fairtex Gym ဟာ သူ့ကို စင်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ပြောရမယ်ဆိုရင် အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့မြန်မာဖိုက်တာလေးကို Fairtex Gym က မွေးစားလိုက်တာပါပဲ။ Fairtex Gym က သူ့ကို ၄ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်ပြီဆိုတဲ့အကြောင်း ကျော်စွာဝင်းက သူ့ရဲ့ Facebook Account ကနေ တရားဝင်အသိပေးလာခဲ့ပါတယ်။

“ဆင်ခြေဖုံးရပ်ကွက်လေးထဲက ချာတိတ်လေးကို Fairtex ကလပ်က ၄ နှစ်သက်တမ်းစာချုပ်,ချုပ်ဆိုခဲ့ပါတယ်။ ပညာတွေအများကြီးသင်ယူပြီး ဒီထက်မက ကြိုးစားသွားပါဦးမယ်ခင်ဗျာ”ဆိုတာက Fairtex Gym က သူ့ကို စာချုပ်,ချုပ်လိုက်တာနဲ့ပတ်သက်ပြီး ကျော်စွာဝင်းရဲ့ ရင်ဖွင့်စကားသံတွေပါပဲ။

Fairtex Gym မှာ လေ့ကျင့်နေတဲ့ဖိုက်တာအားလုံးက ကျော်စွာဝင်းကို ညီအစ်ကိုရင်း၊ မောင်အရင်းတစ်ယောက်လို နွေးထွေးစွာဆက်ဆံခဲ့ကြပြီး ဒီစာချုပ်က ကျော်စွာဝင်းရဲ့ဖိုက်တာဘဝကို အပြောင်းအလဲသစ်များစွာ၊ အရွေ့သစ်များစွာကို ဖြစ်ပေါ်လာစေတော့မှာပဲဖြစ်ပါတယ်။

ကျော်စွာဝင်း ဟာ လာမယ့်အောက်တိုဘာလရောက်ရင် ပွဲထိုးရတော့မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။