ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်းတွင် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ် တိုက်ခိုက်

June 5, 2026

ပုံစာ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ။

ကော့သောင်းမြို့နယ် ခမောက်ကြီးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁ ရက်တွင် ခမောက်ကြီးဒေသ(မြို့) ၊ အမှတ် ၂ ချောင်းဖျားနှင့် မလိဝမ်းခဲမိုင်းကြားတွင် အင်အား ၇၀ ခန့်ပါသည့် စစ်ကြောင်းကို တနင်္သာရီတိုင်း ပကဖ တိုက်ခိုက်ရေးတပ်ရင်းနှင့် ကော့သောင်းမြို့နယ် ပကဖ တို့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့နယ် ပကဖက ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါနေရာတွင် မိနစ် ၃၀ ကျော်အကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သားများ အထိနာကာ ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲမှာ တနင်္သာရီတိုင်း ပကဖ တိုက်ခိုက်ရေးတပ်ရင်းဖွဲ့စည်းပြီးနောက်ပိုင်း တပ်ရင်း၏ ပထမဆုံး တိုက်ပွဲဖြစ်ကြောင်း ကော့သောင်းခရိုင် ပကဖ ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ဆိုသည်။

“ပထမဆုံးတိုက်ပွဲလို့ ပြောလို့ရတာပေါ့။စစ်ကောင်စီစစ်ကြောင်းနဲ့ ပထမဆုံးထိတွေ့တဲ့ တိုက်ပွဲပေါ့နော်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်း ပကဖ တိုက်ခိုက်ရေးတပ်ရင်းကို ဧပြီလနှောင်းပိုင်းတွင် ကော့သောင်းခရိုင်အတွင်း စတင်ဖွဲ့စည်းခြင်း ဖြစ်သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားသည့် စစ်အာဏာရှင်တပ်သည် မေလ ၂၅ ရက်က စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းများတွင် ပါဝင်သူများဖြစ်ကြောင်း ကိုကျားကြီးက ပြောဆိုသည်။

ကော့သောင်းနှင့် ခမောက်ကြီးတပ်နယ်က အင်အား ၂၀၀ ခန့်ပါသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် စစ်ကြောင်း သုံးကြောင်းခွဲကာ မလိဝမ်းဒေသနှင့် မာရမ်းဒေသသို့ မေလ ၂၅ ရက်ကစပြီး စစ်ကြောင်းထိုးလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါစစ်အာဏာရှင်တပ်သားများသည် ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံများအတွင်း နေအိမ်များရှိ တန်ဖိုးရှိ ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ခိုးယူနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါစစ်အာဏာရှင်တပ်စစ်ကြောင်းများကို တော်လှန်ရေးတပ်များက လိုက်လံပိတ်ဆို့ရာက အင်အား ၇၀ ခန့်ပါသည့် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က ဗိုလ်မှူးတစ်ဦးအပါဝင် ၁၄ ဦး အပြင်းအထန်ဒဏ်ရာရသွားပြီး ဆုတ်ခွာသည့်လမ်းပိုင်းတွင် လေး ဦး‌ သေဆုံးသွားသည်ဟု တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ကျွန်တော်တို့ ရဲဘော်တွေပစ်တဲ့အချိန်မှာကိုပဲ ရဲဘော်တွေရဲ့မျက်စိရှေ့မှာကို လဲကျသွားတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်စဉ်အတွင်းမှာကိုပဲ ရဲဘော်တွေရဲ့ မျက်စိရှော့မှာ ဆယ်ယောက်လောက် လဲကျသွားတယ်”ဟု ကိုကျားကြီးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းရာ စစ်အာဏာရှင်တပ်သားများ၏ သွေးကွက်များကို တွေ့ရကြောင်း ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ထားသည်။

တော်လှန်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်တပ်က ထိခိုက် အခြေအနေနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

တိုက်ပွဲဖြစ်ပွားသည့် မလိဝမ်းဒေသက ထိုင်း-မြန်မာနယ်စပ်အနီးတွင် တည်ရှိသည်။