ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဟော်မုဇ်ရေလက်ကြားအတွင်း ကန်နှင့် အီရန် တိုက်ခိုက်မှုဖြစ်

May 5, 2026

ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်နှင့် အီရန်တို့အကြား မေလ ၄ရက်က တိုက်ခိုက်မှုအသစ်များ ဖြစ်ပွားသည်။

ဟော်မုဇ်ရေလက်ကြားကို အပြန်အလှန်ပိတ်ဆို့မှုများဖြင့် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် အမေရိကန်နှင့် အီရန်အကြား အဆိုပါ တိုက်ခိုက်မှုအသစ်များကြောင့် အီရန်စစ်ပွဲ အပစ်ရပ်သဘောတူညီချက်မှာ ပိုမိုအားနည်းလာသည်။

အီရန် ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားအတွင်း သောင်တင်ပိတ်မိနေသည့် သင်္ဘောများကို ဘေးအန္တရာယ်ကင်းစွာ လမ်းပြခေါ်ဆောင်ပေးမည့် လုပ်ငန်းစဉ်တစ်ရပ်ကို မေလ ၄ ရက်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

သမ္မတ ထရမ့်၏ အဆိုပါ ပြောကြားချက် ထွက်ပေါ်လာပြီးနောက် ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်နှင့် အမေရိကန် အကြား ဒရုန်းများနှင့် ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ တနင်္လာနေ့တွင် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့ချိန်မှစ၍ လောင်စာဆီ ကုန်သွယ်မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားမှာ ပိတ်ဆို့လုနီးပါး ဖြစ်ခဲ့ရသည်။

တနင်္လာနေ့ မကုန်ဆုံးမီမှာပင် ပင်လယ်ကွေ့အတွင်းရှိ ကုန်သွယ်သင်္ဘောအချို့၌ ပေါက်ကွဲမှုနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အီရန်စစ်ဘက်သုံး စက်လှေငယ် ခြောက်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်ဘက်က ဆိုသည်။

ယူအေအီးနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကြီးတည်ရှိရာ ရေနံဆိပ်ကမ်းတစ်ခုမှာလည်း အီရန်၏ ဒုံးကျည် တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့သည်။

Source: Reuters