ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဝေါလေတိုက်ပွဲက ဒရုန်း ထိုင်းဘက်ကျရောက်ပေါက်ကွဲပြီး မြန်မာလုပ်သားမိသားစုဝင်သုံးဦးသေဆုံး

June 3, 2026

မြဝတီမြို့နယ်၊ ဝေါလေဒေသတိုက်ပွဲက ကာမီကာဇေဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲသောကြောင့် နယ်စပ်ဘက်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား မိသားစုဝင်သုံးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇွန်လ ၂ ရက်တွင် ဝေါလေဒေသ၌ စစ်အာဏာရှင်တပ်နှင့် KNU အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခဲ့သည်။

ညနေ ၄ နာရီခန့် ကာမီကာဇေဒရုန်းတစ်စီးသည် ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖုတ်ဖရဒေသရှိ ငရုတ်သီးစိုက်ခင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။ ကာမီကာဇေမှာ ဒရုန်းကိုအဆုံးခံပြီး တိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။

ဒရုန်း ကျရောက်ပေါက်ကွဲမှုကြောင့် စိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး နေရာတွင်ပင် သေဆုံးကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသည့် မြန်မာနိုင်ငံသားလေးဦးကို နီးစပ်ရာ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း နှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဆိုသည်။

သေဆုံးသူ သုံးဦးမှာ ကိုသူရနှင့် မခိုင်တို့ ဇနီးမောင်နှံနှင့် သားဖြစ်သူတို့ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူ ကျန်နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ပြီး မဲဆောက်ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း ဖော်ပြသည်။

ဒရုန်းကျရောက်ပေါက်ကွဲခဲ့သောအချိန်တွင် စိုက်ခင်းထဲ မြန်မာနိုင်ငံသားများ အလုပ်လုပ်နေကြခြင်းဖြစ်သည်။

မသင်္ကာဖွယ်ရာ ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန် ဒရုန်းကျရောက်ပေါက်ကွဲခဲ့သော ဖို့ဖရာ့ဒေသနေ ပြည်သူများကို ထိုင်းအာဏာပိုင်းများက သတိပေးထားသည်။

Ref: Thairath, Thai PBS, CH 7