ထိုင်းရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟုဆိုကာ ကော့သောင်းဘက်က ဝင်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်က မတ်လ ၂ ရက်ညတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ရနောင်းခရိုင် ကော့ချန်းကျွန်းအနီးတွင် ကျူးကျော်ဝင်ရောက်လာသော မြန်မာငါးဖမ်းလှေကို ထိုင်းရေတပ်က စစ်ဆေးတွေ့ရှိခဲ့သခြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ငါးဖမ်းလှေတွင် အဏ္ဏဝါမင်း ၉၉၉ အမည်တပ်ထားပြီး လှေဦးစီးနှင့်အတူ မြန်မာရေလုပ်သား ခြောက်ဦး လိုက်ပါလာသော်လည်း လှေပေါ် တွင်မူ ငါဖမ်းပစ္စည်းများ၊ ငါးပုံးနှင့် ရေခဲများ တင်ဆောင်လာခဲ့ခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
ယင်းလှေသည် ပြီးခဲ့သော ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့သည့် မြန်မာငါးဖမ်းလှေပုံစံနှင့် အတူတူပင်ဖြစ်ကြောင်း ဖော်ပြသည်။
ဖေဖော်ဝါရီလ ၇ ရက်က ထိုင်းရေပိုင်နက် ရနောင်းခရိုင်ထဲ ကျူးကျော်ဝင်ရောက်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်က ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကိုမူ မသိရသေးပေ။
ယင်းငါးဖမ်းလှေများသည် ပုံမှန်ငါးဖမ်းလှေများနှင့် မတူကြဘဲ အခြား တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ယူဆရကြောင်း ထိုင်းရေတပ်ဘက်က ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။
ငါးဖမ်းလှေနှင့်အတူ မြန်မာရေလုပ်သားများကို ရနောင်းဆိပ်ကမ်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ကျူးကျော်ဝင်ရောက်လာသော အကြောင်းအရင်းကို သိရှိနိုင်ရန် ဖမ်းဆီးခံရသော မြန်မာရေလုပ်သားများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ဆိုသည်။
Ref: Nation TV, 77Kaoded







