ထိုင်းနိုင်ငံ၊ ဖန်ငါးခရိုင်၊ စူရင်းကျွန်းအနီး ပင်လယ်ပြင်တွင် ကော့သောင်းမြို့မှထွက်လာသော မြန်မာကုန်တင်လှေတစ်စီး နစ်မြုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဇွန်လ ၁ ရက်နေ့ နေ့လယ် ၁၀ နာရီခန့်တွင် ကုန်ပစ္စည်းများကို တင်ဆောင်လာသော ဧရာလင်း အမည်ရှိ မြန်မာကုန်တင်လှေတစ်စီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
လှေပေါ်တွင် လှေဦးစီးအပါအဝင် မြန်မာနိုင်ငံသား ၇ ဦး လိုက်ပါလာပြီး လောင်စာဆီနှင့် အခြားကုန်ပစ္စည်းများကို သယ်ဆောင်လာကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သော မေလ ၂၃ ရက်နေ့က ယင်းကုန်တင်လှေသည် ကုန်ပစ္စည်းများကို တင်ဆောင်ရန် ရနောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
မေလ ၂၉ ရက်နေ့တွင် ရနောင်းဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ကော့သောင်းမြို့သို့ ကုန်ပစ္စည်းပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ဇွန်လ ၁ ရက်နေ့တွင် ကော့သောင်းမှတစ်ဆင့် မြိတ်မြို့သို့ ထွက်ခွာလာရာ ပင်လယ်ပြင်ထဲတွင် လှေကိုယ်ထည်ကတစ်ဆင့် ရေယိုစိမ့်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် အန္တရာယ်မဖြစ်စေရန် အနီးစပ်ဆုံး ကျွန်းတစ်ခုကို ကပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း လှေပေါ်လိုက်ပါလာသူများက ထိုင်းရေတပ်ကို ဖြေကြားချက်ကို ဖော်ပြထားသည်။
ယင်းမှတစ်ဆင့် လှေသည် ထိုင်းရေပိုင်နက်ဖြစ်သော စူရင်းကျွန်းအနီးထိ မျှောပါလာခဲ့ကြောင်း ထိုင်းရေတပ်အဖွဲ့က လာရောက်ကူညီစဉ် ကုန်တင်လှေထဲသို့ ရေစဝင်နေသည်ကို တွေ့ရှိခဲ့သဖြင့် လှေပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသား ၇ ဦးကို ကူညီခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း ကုန်တင်လှေသည် တင်ဆောင်လာသော ကုန်ပစ္စည်းများ၊ လောင်စာဆီများနှင့်အတူ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။
ထိုင်းရေတပ်အဖွဲ့က ကုန်တင်လှေနှင့် မြန်မာနိုင်ငံသားများ၏ အချက်အလက်များကို စစ်ဆေးခဲ့ပြီး လှေနစ်မြုပ်သောနေရာတွင် ဆီယိုစိမ့်မှုမရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသား ၇ ဦးကို ထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရေး ခူရဘူရီရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Amarin TV, Matichon Online, MGR Online







