ပုလော အထကတွင် ကိုဗစ်ကျောင်းသားတွေ့၊ အခြေခံပညာကျောင်းများ စပိတ်

0
108
Dawei Watch, Dawei News, Dawei News Media

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်လာရတာကြောင့် အခြေခံပညာကျောင်းများအားလုံးကို ဇူလိုင်လ ၉ ရက်မှ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားဖို့ တပ်ကောင်စီ က ညွှန်ကြားလိုက်သည်။

တနင်္သာရီတိုင်းတွင် ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့်အနက် ၁၃၅၀ ကျောင်းကိုဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသားတစ်သိန်းနီးပါးခန့် ကျောင်းတက်နေကြသည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။တိုင်းအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအနက် ပုလောမြို့၊ အ.ထ.က(၂) စာသင်ကျောင်းရှိ Grade-1 နှင့် Grade-7 မှ ကျောင်းသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။

“ကျောင်းသားကလေးနှစ်ယောက်မှာတော့ကိုဗစ်ဖြစ်တယ်ဆိုပြီး စာရင်းထဲတွေ့တာ၊ ဆရာ၊ ဆရာမတွေမှာတော့ မဖြစ်ဘူး”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

တနင်္သာရီတိုင်းတွင် ယမန်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူ ၈၀ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများတွင်လည်း ကိုဗစ် ပိုးတွေ့လာသူများ ရှိနေသည်ဟု ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။

ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ မေလ တတိယအပတ်မှ စတင်၍ မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုရှိလာသည်လာကို အချိန်မီထိန်းချုပ်ကာကွယ် တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအားလုံးကို နှစ်ပတ်ကြာ ယာယီပိတ်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၈ ရက်က ညွှန်ကြားထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၈၀၀၅၅ ဦးရှိပြီး သေဆုံးသူမှာ ၃၆၂၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။