မွန်ပြည်သစ်ပါတီနှင့် KNU ပစ်ခတ်မှု ထပ်ဖြစ်

မွန်ပြည်သစ်ပါတီထိန်းချုပ် နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းဒေသ ကြီး ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာ အရှေ့ဘက်ရှိ ဘုရားတောင်အနီးတွင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်နှင့် ကရင် အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ ဝင်တို့အကြား မတ်လ ၄ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

မတ်လ ၃ ရက် ညနေပိုင်း အချိန် ခန့်က အလယ်စခန်းကျေးရွာမှ ခြံသမား ၂၇ ဦးကို အင်အား ၂၀ ဦးခန့်ရှိ KNU တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ ဝင်တို့က ဝင်ရောက်နယ်မြေ ရှင်းလင်း ခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားကြခြင်းဖြစ် သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုက ပြီးသွားပါပြီ၊ ဖမ်းခံ ရတဲ့ ဒေသခံတွေလည်း ပြန်လွှတ်ပေး လိုက်ပါပြီ၊ လူအသေအပျောက်တော့ မရှိဘူး၊ ဒဏ်ရာရတဲ့ သူတွေလဲ မရှိပါ ဘူး”ဟု အထက်ပါ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် အလယ် စခန်းရွာသားများ ဖမ်းဆီးခံရ သည့်ကိစ္စ နှင့် ပတ်သက်ပြီး KNU ထားဝယ်ခရိုင် တာဝန်ရှိသူတို့ထံ ဖုန်းဖြင့် ဆယ်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
ဖေဖော်ဝါရီ ၂၄ ရက်ကလည်း သစ်ခိုးထုတ်သည့်ကိစ္စကြောင့် မွန်ပြည် သစ်ပါတီ တပ်ဖွဲ့တို့နှင့် ကရင် အမျိုး သားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ အကြား ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲ ရှိ မာန်အောင်ကျေးရွာအနီးတွင် ပစ်ခတ် မှု ဖြစ်ပွားခဲ့ကြသေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေ ဖြစ်သည့် မာန်အောင်ကျေးရွာအနီး တဝိုက်တွင် လူအင်အား ၅၀ ခန့်ရှိသည့် သစ်ခိုးထုတ်သည့်အဖွဲ့တစ်ခုကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိခဲ့ပြီး KNU သို့ လွှဲပြောင်းပေးခဲ့သည်။
“ဒီမနက်ပစ်ကြခဲ့တာက သစ်ကိစ္စ ကြောင့်လား ဘာလားတော့ တိတိကျကျ မသိသေးဘူး”ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်ကြည်စန်းက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေချောင်းဖျားဒေသတစ်ဝိုက်ရှိ သစ်တော ဧရိယာအတွင်းတွင် သစ်ထုတ် လုပ်မှုကို ၂၀၁၀ ခုနှစ်မှစကာ တားမြစ်ပိတ်ပင် ထားခဲ့သည်။
မွန်ပြည်သစ်ပါတီနှင့် KNU တို့ သည် ၁၉၈၈ ခုနှစ်က နယ်မြေ အငြင်း ပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာ ပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်အတွင်းတွင် တစ်ဖန် နယ်မြေ အငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့် ကိစ္စကြောင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဘက်တွင် ပစ်ခတ်မှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီကသည် တနိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်NCA ကို ဖေဖော်ဝါရီလ ၁၃ရက်က လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဖြစ်ပြီး KNU သည် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။

Related Posts