တနင်္သာရီမြို့နယ်ရှိ စစ်တပ်ပိုင် ရော်ဘာစက်ရုံမီးလောင်
diz_admin
November 22, 2021တနင်္သာရီမြို့နယ်၊တကူကျေးရွာရှိ စစ်တပ်ပိုင် ရော်ဘာမှိုင်းခံစက်ရုံတစ်ရုံ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှသိရသည်။ နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီကျော်တွင် တကူကျေးရွာ၊ကော်တောအရပ်ရှိ ရော်ဘာမိုင်းခံစက်ရုံ မီးလောင်ကျွမ်းသွားခြင်းဖြစ်ပြီး မီးရှို့မှုကို လက်နက်ကိုင် အုပ်စုတစ်ခုက လုပ်ဆောင်ခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ “ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး”ဟု တကူရွာသား တစ်ဦးကပြောသည်။ ယင်းစက်ရုံမှာ ပြီးခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက ရှိနေပြီး စစ်တပ်ပိုင်ဆိုင်သည်ဟု အကြမ်းဖျင်း သိထားရကြောင်း ရွာသားများ ကပြောပြသည်။ “ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ရော်ဘာပြားတွေရော စက်တွေပါအကုန်လောင်တယ်လို့ ကြားရတယ်”ဟု အသက် ၆၀ အရွယ် ရွာသားကပြောသည်။ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်တွင် အခင်းဖြစ်ပွားရာနေရာသို့ စစ်သားအများအပြားရောက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။


