ထားဝယ်မြို့မ ရဲစခန်းမှူး အဖမ်းခံထားရ
diz_admin
July 24, 2022ထားဝယ်မြို့မရဲစခန်း စခန်းမှူးဖြစ်သူ ဒုတိယရဲမှူးစိုးနိုင်ကို လွန်ခဲ့သည့်လေးရက်ခန့်က စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ လာဘ်ငွေယူကာ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ အလုပ်သမား ပို့ဆောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “ကျွန်တော်တို့ကြားရတာကတော့ ဘောလုံးကိစ္စ (နိုင်ငံခြားသို့ တရားမဝင် လူပို့မူ) နဲ့ နွယ်ပြီး အဖမ်းခံရတာလို့ ကြားရတယ်။ ဟုတ်မဟုတ် မသေချာသေးဘူး။ အဖမ်းခံရတာကတော့ သေချာတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ ဒုတိယရဲမှူးစိုးနိုင်အား တရားစွဲမည့်ဆိုသော သတင်းများလည်း စုံစမ်းသိရှိရပြီး မည်သည့်ပုဒ်မတပ်၍ တရားစွဲမည်ကိုမူ မသိရကြောင်း ၎င်းက ပြောဆိုသည်။ ယခုအဖမ်းခံထားရသော ဒုရဲမှူးစိုးနိုင်မှာ ယခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှ ထားဝယ်မြို့မရဲစခန်းသို့ အသစ်ပြောင်းရွှေ့လာသူဖြစ်သည်။


