ကော့သောင်းတွင် ဆိုင်ကယ်ပြင်ဆိုင် ဂတ်စ်အိုးပေါက်၍ အမျိုးသားတစ်ဦး သေဆုံး
Dawei Watch
April 14, 2025ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်တွင် ဧပြီလ ၁၃ ရက် ညနေပိုင်းက ဂတ်စ်အိုး ပေါက်ထွက်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ ပေါက်ထွက်ချိန်တွင် ဆိုင်ပိုင်ရှင် အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး သာဆိုင်ထဲရှိနေခြင်းဖြစ်ပြီး ပေါက်ထွက်ရသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးပေ။ “လေအိုးဂတ်စ်ပေါက်ထွက်တာပါ။ ပေါက်ထွက်ပြီးမှ လူတွေသိကြတာ။ သူ့ဆိုင်နေရာလေးကလည်း ကျဥ်းကျဥ်းလေးဆိုတော့ ဂတ်စ်အိုးနဲ့ အခြားစက်ပစ္စည်းတွေနဲ့ ကျဥ်းကျပ်နေတာ။ ဘယ်လိုပေါက်ကွဲလဲတော့ မသိဘူး။ ပေါက်ကွဲပြီး လူထိသွားတော့ ဆေးရုံကားနဲ့ လာသယ်သွားတယ်” ဟု ရွှေဇင်ယော်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဂတ်စ်အိုး ပေါက်ထွက်၍ ဒဏ်ရာရသည့် အမျိုးသားအား ကော့သောင်းဆေးရုံသို့ ပို့ဆောင်ပေးစဥ် ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံကားပေါ်၌ပင် သေဆုံးသွားကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ထံက သိရသည်။


