ဒေါက်တာလဲ့လဲ့မော် ပြန်လွတ်သတင်း မဟုတ်ဟု မိသားစုဝင် ပြော
diz_admin
November 3, 2021အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တနင်္သာတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော် ပြန်လွတ်ပြီဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အနီးကပ် မိသားစုဝင်တစ်ဦးက ငြင်းဆိုလိုက်သည်။ ဒေါက်တာလဲ့လဲ့မော်အား ထောင်မှလွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဘ၀တွင် ဒေါက်တာလဲ့လဲ့မော်နှင့် အနီးကပ်နေထိုင်ခဲ့သော မိသားစုဝင်တစ်ဦးကမူ ပြန်လွတ်သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း Dawei Watch သို့ ပြောသည်။ “(ပြန်လွတ်တယ်ဆိုတာ )မဟုတ်ပါဘူး။ ဘာမှ သတင်းမထူးသေးဘူး” ဟု အထက်ပါ မိသားစုဝင်က ဆိုသည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများအရ ၂၀၂၀ ပြည့်နှစ် မေလက ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံထားရသည်။


