ကော့သောင်း ကမ်းနားလမ်းကို ညနေပိုင်း ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်မှု မြို့ခံများမကျေနပ်
Dawei Watch
June 6, 2023ကော့သောင်းမြို့ ဝိတိုရိယပွိင့်နေရာတွင် လမ်းပိတ်ပြီး ညဈေးရောင်းခွင့်ပြုလိုက်သဖြင့် ကား၊ ဆိုင်ကယ်များကို ညနေပိုင်းတွင် ကမ်းနားလမ်းအထိ ဆင်းခွင့်မပေးတော့ကြောင်း မြို့ခံအချို့ကပြောသည်။ ဗိုလ်ချုပ်လမ်းအဝိုင်းပတ်တွင် ညနေဘက်ဈေးရောင်းနေသည့် သုံးဘီးတွန်းလှည်းဈေးဆိုင်များကို ကမ်းနားလမ်းဘက်သို့ စည်ပင်ကရွေ့ပြောင်းစေခဲ့ပြီးနောက် ညစျေးလုပ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ “အရင်တုန်းကတော့ ဈေးသည်တွေက ပလက်ဖောင်းပေါ်ရောင်းကြတယ်။ တဖြည်းဖြည်းနဲ့ ဆိုင်တွေကများ ဝယ်တဲ့သူတွေကလည်းများလာတော့ လမ်းပါပိတ်တဲ့အထိဖြစ်တယ်။ နောက်တော့ ဘုရင့်နောင်အငူဖက်က ကမ်းနားလမ်းဘက်ကို (မေလ) ၂၁ ရက်နောက်ဆုံးရွှေ့ရမယ်ဆိုပြီး ပို့ပစ်လိုက်တာ ” ဟု ၎င်းမြို့ခံကဆိုသည်။ ကမ်းနားလမ်းသို့ဈေးဆိုင်များ ပြောင်းရွေ့ခိုင်းပြီးနောက် ညနေ ၅ နာရီမှ ၁၀ နာရီအထိကို ကမ်းနားလမ်းအားပိတ်ကာ ညဈေးအဖြစ်သတ်မှတ်ပြီး ဈေးရောင်းခွင့်ပြုခဲ့သည်ဟုဆိုသည်။ ယင်းကြောင့် ညနေဘက်ကမ်းနားဆင်းပြီး ကျန်းမာရေးအရ လမ်းလျှောက်၊ လေညှင်းခံမည့်သူများ၏ ကား၊ ဆိုင်ကယ်တို့မှာ ယခင်ကကဲ့သို့ ကမ်းနားအထိ ဆင်းခွင့်မရတော့ကြောင်း မြို့ခံအချို့ကပြောသည်။ […]


