ထားဝယ်ထောင်မှ အရာရှိအပါအဝင် ဝန်ထမ်းခုနှစ်ဦး ထွက်ပြေး
Dawei Watch
November 13, 2023ထားဝယ်အကျဉ်းထောင်မှ ဝန်ထမ်းများတာဝန်မထမ်းဆောင်လို၍ ထွက်ပြေးမှုများ ဆက်တိုက်ရှိနေပြီး ထောင်အရာရှိတစ်ဦးအပါအဝင် ထောင်ဝန်ထမ်းခုနှစ်ဦးအထိ ထွက်ပြေးသည်ဟု သိရကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ပြောသည်။ နိုဝင်ဘာလ ဒုတိယအပတ်ထဲတွင် ကြယ်တပွင့်နှင့် ဗိုလ်လေးသန်းဌေးဆိုသူ ထွက်ပြေးခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူ့အိမ်ပြန်မယ်ဆိုပြီးထွက်ပြေးသွားတာ၊ ခွင့်ယူပြီးပြန်သွားတာမဟုတ်ဘူး၊ ရိုးရိုးအရပ်ဝတ်နဲ့ သူ့ဘာသူပြန်သွားတာ၊ ကျန်လူတွေတော့ ကျွန်တော်မသိဘူး။ ဒီတစ်ယောက်ပဲကျွန်တော်သိတယ်”ဟု ၎င်းက ပြောသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလခန့်က တပ်သား ကိုနိုင်နိုင်လင်းဆိုသူ ထွက်ပြေးခဲ့ပြီးနောက် ဒုတပ်ကြပ် ကျော်စွာလင်း၊ တပ်သားနိုင်လင်းထွန်း၊ တပ်သားဝေယံတို့ ညီကိုနှစ်ဦးအပါအဝင် ထောင်ဝန်ထမ်း ခုနှစ်ဦးအထိ ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ “သူတို့က CDM ဝင်ချင်လို့ထွက်ပြေးတာမဟုတ်ဘူး၊ သူတို့နေလို့ အဆင်မပြေလို့ ထွက်ပြေးတာလောက်ပဲရှိတယ်၊ ဘာလို့လဲဆိုတော့ CDM လုပ်မယ်ဆို CDM အချိတ်အဆက်တွေက ရှိပြီးသား၊ သူတို့ဘာသာ ရိုးရိုးတန်းတန်းထွက်ပြေးတာလောက်ပဲရှိတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ […]


