ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

AI ကို လျှို့ဝှက်လုပ်ငန်းများတွင်သုံးရန် Google နှင့် ပင်တဂွန်တို့ လက်မှတ်ရေးထိုး

April 29, 2026

AI နည်းပညာများကို လျှို့ဝှက်လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် နည်းပညာကုမ္ပဏီများစာရင်းတွင် Alphabet ၏ လက်အောက်ခံ Google ကုမ္ပဏီလည်း ပါဝင်လာကြောင်း The Information သတင်းဌာနက ဧပြီလ ၂၈ ရက်နေ့တွင် ဖော်ပြသည်။

ယင်းကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းသဘောတူညီချက်အရ အမေရိကန် ဗဟိုစစ်ဌာနချုပ်ပင်တဂွန်အနေဖြင့် Google ၏ AI နည်းပညာကို ဥပဒေနှင့်အညီ အစိုးရ၏ မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ယင်းကြောင့် Google သည် အမေရိကန်အစိုးရ၏ လျှို့ဝှက်လုပ်ငန်းစဉ်များအတွက် AI နည်းပညာများ ထောက်ပံ့ပေးနေသည့် OpenAI နှင့် အီလွန်မတ်စ်၏ xAI တို့နှင့် တန်းတူဖြစ်လာခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အမေရိကန်ဗဟိုစစ်ဌာနချုပ်ပင်တဂွန်သည် Anthropic၊ OpenAI နှင့် Google အပါအဝင် ထိပ်တန်း AI နည်းပညာများနှင့် တစ်ခုလျှင် ဒေါ်လာသန်း ၂၀၀ အထိ တန်ဖိုးရှိသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

ပင်တဂွန်အနေဖြင့် OpenAI နှင့် Anthropic ကဲ့သို့သော ထိပ်တန်း AI ကုမ္ပဏီများအား ၎င်းတို့၏ နည်းပညာများကို လျှို့ဝှက်ကွန်ရက်များတွင် အသုံးပြုခွင့်ပေးရန်နှင့် သာမန်အသုံးပြုသူများအပေါ် ကန့်သတ်ထားသည့် စည်းကမ်းချက်များကို ဖယ်ရှားပေးရန် တိုက်တွန်းနေကြောင်း Reuters သတင်းဌာနက ယခင်က ဖော်ပြခဲ့ဖူးသည်။

Source: Reuters