ထားဝယ်မြို့ ၊ ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ က ကျင်းပသည့် ၈၄ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲကို ထားဝယ်ဘုရားကြီးဝင်းရှိ ညောင်ပင်ကြီးတွင်ပြုလုပ်ခဲ့သည်။
အလှူရှင်များအပြင် ရပ်ကွက်၊ အသင်းအဖွဲ့ နှင့် ဌာနဆိုင်ရာများ၏ စတုဒီသာအလှူ များလည်း လှူဒါန်းခဲ့ကြသည်။
ထားဝယ်ရိုးရာ ဘိုးဘိုးလားကိုးတောင် စုံတွဲအရုပ် အကဖြင့်လည်း ဧည့်ခံဖျော်ဖြေနေကြောင်း တွေ့ရသည်။
စတုဒီသာ အစီအစဥ်များရှိနေသဖြင့် ဘုရားကြီးဝင်းအတွင်းသို့ ကား၊ဆိုင်ကယ် များပေးမဝင်ကြောင်း ဘုရားဖူးများကဆိုသည်။
ဘုရားကြီးဝင်းအတွင်း ကဆုန်လပြည့်နေ့ ဘုရားဖူး. ဝင်ရန် ခြင်္သေ့ညီနောင်မုခ်ဦးကို အဝင်သီးသန့်ထား၍ လောကမာရဇိန်ဘုရားကြီးဘက်က မုခ်ဦးကို အထွက်သီးသန့်စီစဥ်ထားသည်ကို တွေ့ရသည်။
အဝင်အထွက်ပြုလုပ်ရာတွင်လည်း ကျား ၊ မ ခွဲ၍ ဝင်ထွက်ရပြီး စစ်အာဏာရှင်တပ်သား၊ ရဲနှင့်ရဲမေများက လုံခြုံရေး စစ်ဆေးနေကြောင်း ဘုရားဖူးများကဆိုသည်။
ဘုရားကြီးဝင်းဝန်းကျင်တွင်လည်း စစ်အာဏာရှင်တပ်သား ၊ ရဲများအပြင် အရန်မီးသတ်နှင့် ပျူစောထီး (ပြည်သူ့စစ်) များကိုလည်းတွေ့ရကြောင်း မြို့ခံများထံမှသိရသည်။
























