BREAKING
October 19, 2025

ပုလောမြို့နယ် မိန်းမမြို့အနီးကို စစ်ကောင်စီတပ်က ဗုံးကြဲ၊ အရပ်သားထိခိုက် သေဆုံးမှုရှိ

July 19, 2025

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ အုပ်စု၊ မိမ္မမြို့ရွာနှင့် ဘိုင်းပြင်ရွာအကြားသို့ စစ်ကောင်စီတပ်က ယနေ့(ဇူလိုင် ၁၉)နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် မြိတ်လေတပ်မှ ထွက်ခွာလာသည့် ယင်းဂျက်ဖိုက်တာမှာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၁၀ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းထံမှ ကနဦးရရှိသည့် အချက်အလက်များအရသိရသည်။

” အခုက ရှာဖွေကယ်ဆယ်ရေးလုပ်နေတုန်းပါ ။ ကလေးငယ်တစ်ယောက်ကတော့ အသက်ဆုံးရှုံးသွားပြီ။ အသက် ၆၀ အဖွား နှစ်ဦး အပါအဝင် လေးဦးက ဒဏ်ရာရထားတယ်။ နောက်ထပ်ရှာဖွေကယ်ဆယ်ရေး လုပ်နေဆဲမို့ ထိခိုက်သေဆုံးမှု စာရင်းထပ်တိုးလာနိုင်ပါတယ် “ ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော်အာနိုး က ပြောသည်။

မိန်းမမြို့က နေအိမ်သုံးလုံးလည်း ပျက်စီးခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

အာဇာနည်နေ့အခမ်းအနား ကျင်းပရန် စီစဉ်နေချိန်တွင် စစ်ကောင်စီတပ်က ဗုံလာကြဲသွားခြင်းဖြစ်ကြောင်း ဗုံကြဲခံရသည့်နေရာအနီးသို့ရောက်ရှိနေသည့် ဒေသခံတစ်ဦးကပြောသည်။

“အာဇာနည်နေ့အခမ်းအနားက မလုပ်ရသေးဘူး။ လုပ်မလို့ လုပ်နေတုန်းမှာ လာကျဲသွားတာ။ ကျွန်မတို့တောင် လေယာဉ်အသံကြားလို့ လမ်းဘေးမှာ ဝပ်ပြီးနေလိုက်ရတယ်” ဟု ၎င်းကဆိုသည်။

ယနေ့ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာပတ်ဝန်းကျင်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိကြောင်း တော်လှန်ရေး ရဲဘော်များကဆိုသည်။

ဇူလိုင်လ ၁၆ ရက်ကလည်း တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က သိန်ခွန်းရွာကို လေယာဉ်ဖြင့် ဗုံးကြဲပြီးစက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သေးသည်။ ထိုပစ်ခတ်မှုတွင် လူထိခိုက်မှုမရှိဟု သိရသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၁ ရက်မှ ၁၅ ရက်အတွင်းကလည်း ပုလောမြို့နယ် ၊ ရှပ်ပုံရွာတွင် နှစ်ဖက်စစ်ရေးတင်းမာကာ စစ်ကောင်စီ ၏ ဒရုန်းဗုံးသီး နှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သေးသည် ။