ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းရဲ့ အန္တရာယ်ကြီးတဲ့ မြန်မာ့အရေး မူဝါဒ

May 19, 2026

စီဘူးမြို့မှာ မေလ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ သတိထားချိန်ဆထိတွေ့ဆက်ဆံမှု လုပ်ဖို့ ထောက်ခံကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အရိပ်အယောင်ပြခဲ့ကြပါတယ်။

မအောင်မြင်တဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေနဲ့ ငါးနှစ်တာကာလကြာပြီးနောက်မှာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း လက်ရှိသမ္မတမင်းအောင်လှိုင်ကို အဆင့်မြင့်အစည်းအဝေးတွေကနေ ဖယ်ကျဉ်ထားတဲ့ အာဆီယံရဲ့ မူဝါဒဟာ အကြမ်းဖက်မှုတွေကို မလျှော့ချနိုင်ခဲ့ပါဘူး။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်တပ်က အကောင်အထည်ဖော်ဖို့လည်း ဖိအားမပေးနိုင်ခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံထဲက အကျပ်အတည်းဟာ နယ်စပ်ဖြတ်ကျော်ပြီး လျှံထွက်လာနေပါတယ်။

ဒုက္ခသည်အလုံးအရင်းနဲ့ စီးဝင်လာမှု ၊ မူးယစ်ဆေးဝါးကုန်ကူးမှု ၊ အွန်လိုင်းငွေလိမ်ကွန်ရက်တွေ ၊ လက်နက်မှောင်ခိုမှုတွေနဲ့ ပိုဆိုးရွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မတည်ငြိမ်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် လျှံထွက်လာနေပါတယ်။

ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေကို ထိုင်းနိုင်ငံထက် ပိုပြီး တိုက်ရိုက်ခံစားနေရတဲ့ အာဆီယံနိုင်ငံ မရှိပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ဘန်ကောက်ဟာ သူ့ကိုယ်သူ အာဆီယံနဲ့ မြန်မာစစ်တပ်အာဏာပိုင်တွေအကြား ‘တံတား’သဖွယ် ပုံဖော်တာတွေ ပိုတိုးလုပ်လာခဲ့ပါတယ်။

နယ်စပ်မတည်ငြိမ်မှုကို ကိုင်တွယ်ဖို့ ၊ ကုန်သွယ်ရေးကို ကာကွယ်ဖို့ ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကို ဖြေရှင်းဖို့နဲ့ ပိုဆိုးလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက် နေပြည်တော်နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု လိုအပ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ဒီနှစ်အစောပိုင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာစတ် ဖူအန်ကေအိုဟာ သံတမန်ဆက်ဆံမှု ပြန်ထူထောင်ရေး ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

ထိုင်းနိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေဟာ လက်တွေ့မြေပြင်မှာ တကယ်ရှိနေတာပါ။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲတွေကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေ အကြိမ်ကြိမ် ထိခိုက်ပျက်ပြားခဲ့ရသလို အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထိုင်းအာဏာပိုင်တွေအပေါ်မှာလည်း ဖိအားတွေ ပိုမိုများပြားလာစေခဲ့ပါတယ်။

လက်နက်ကြီးကျည်ကျရောက်မှုနဲ့ ဗုံးကြဲမှုတွေကြောင့် ထိုင်းလူ့အသိုက်အဝန်းတွေပါ ထိခိုက်မှုတွေရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နှစ်ရှည်လများ ရှိနေခဲ့တဲ့ ဒုက္ခသည်စခန်းတွေကလည်း မြန်မာနိုင်ငံက ပဋိပက္ခဟာ သူ့နယ်နိမိတ်အတွင်းမှာတင်ပဲ ကန့်သတ်တည်ရှိနေတာမဟုတ်ဘူးဆိုတဲ့ အချက်ရဲ့ မြင်သာတဲ့ သတိပေးချက်တွေဖြစ်နေဆဲပါပဲ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ကျွန်မ တက်ရောက်ခဲ့တဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ထိုင်းလူမျိုး ဆွေးနွေးသူတစ်ယောက်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်ပုံဟာ ပိုပြီးတော့ လက်တွေ့ကျလာတယ် ၊ သတိကြီးလာတယ်၊ ပြီးတော့ စိတ်ကုန်လက်ပန်းကျလာတဲ့ သဘောမျိုး ဖြစ်လာတယ်လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာနေတဲ့ အကျပ်အတည်းကြောင့် ထိုင်းအင်စတီကျူးရှင်းတွေဟာ အတော်လေး အမောတကော ဖြစ်နေရပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ ကိုယ့်နိုင်ငံတွင်း လုံခြုံရေးကိုပဲ အဓိကထား အာရုံစိုက်လာတယ်လို့ အဲဒီဆွေးနွေးသူက ထောက်ပြသွားပါတယ်။

ဒီအမြင်သဘောထားက ထိုင်းနိုင်ငံရဲ့ သံတမန်ရေးရာမှာ ကြုံတွေ့နေရတဲ့ ဆုပ်လည်းစူး စားလည်းရူး အခြေအနေကို ဆုပ်ဆုပ်ကိုင်ကိုင် ဖော်ပြနိုင်ပုံ ရပါတယ်။

မြန်မာနိုင်ငံထဲမှာ အာဏာချုပ်ကိုင်ကျင့်သုံးနေတဲ့ ဘယ်သူနဲ့မဆို ထိတွေ့ဆက်ဆံတာကို နိုင်ငံရေးအရ အသိအမှတ်ပြုထောက်ခံတာမျိုးမဟုတ်ဘဲ မရှောင်လွှဲသာတဲ့ မဟာဗျူဟာလိုအပ်ချက်တစ်ခုအနေနဲ့ ဘန်ကောက်က ပိုရှုမြင်လာပါတယ်။

ဒါပေမဲ့ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှုနဲ့ နိုင်ငံရေးအရ ပုံမှန်အခြေအနေလိုမျိုး သဘောထား ဆက်ဆံမှုအကြားမှာ အင်မတန်အရေးကြီးတဲ့ ကွာခြားချက်တစ်ခု ရှိပါတယ်။

တကယ်လို့ နိုင်ငံရေးအရပုံမှန်အခြေအနေလိုမျိုး သဘောထားဆက်ဆံမှုလမ်းကြောင်းဆီ အာဆီယံကို ထိုင်းနိုင်ငံက ဦးဆောင်ခေါ်သွားမယ်ဆိုရင်တော့ မြန်မာ့ပဋိပက္ခကို ဖြေရှင်းပေးရာမရောက်ဘဲ ပိုပြီး နက်ရှိုင်းအမြစ်တွယ်သွားစေမယ့် အန္တရာယ်ရှိနေပါတယ်။

ဒါဟာ မအောင်မြင်ခဲ့တဲ့ သံတမန်ရေး ငါးနှစ်တာကာလကနေ အာဆီယံအနေနဲ့ သင်ခန်းစာယူရမယ့်အချက် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံဟာ မလွယ်ကူတဲ့ ကြားနေလမ်းစဉ်တစ်ခုနောက်ကို လိုက်ခဲ့ပါတယ်။

အာဆီယံဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အဆင့်မြင့်အစည်းအဝေးတွေကနေ ပိတ်ပင်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း အကန့်အသတ်ရှိတဲ့ သံတမန်ရေးရာနဲ့ နည်းပညာဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုတော့ ဆက်ပြီး ဖွင့်ထားခဲ့ပါတယ်။

ရလဒ်တွေကတော့ အင်မတန်ကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ ပိုပြင်းထန်လာခဲ့တယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကလည်း ပိုဆိုးရွားယိုယွင်းလာခဲ့တယ်။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကလည်း လျစ်လျူရှုခံထားရဆဲပါပဲ။

ဒီလို မအောင်မြင်မှုတွေကပဲ လက်ရှိမှာ မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ ပိုနက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံဖို့ တောင်းဆိုမှုတွေကို ပိုအားဖြည့်ပေးလာပါတယ်။

စဉ်းစားပုံကတော့ ရှင်းပါတယ်။ မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဖယ်ကျဉ်ထားတာက မအောင်မြင်ဘူး ၊ ဒါကြောင့် သူတို့နဲ့ ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်ရမယ်ဆိုတဲ့ စဉ်းစားပုံမျိုးပါပဲ။

ဒါပေမဲ့ ဒီစဉ်းစားပုံက မြန်မာ့အကျပ်အတည်းရဲ့ အရှိတရားကို မှားမှားယွင်းယွင်း နားလည်သွားစေမယ့် အန္တရာယ်ရှိပါတယ်။

မြန်မာအာဏာသိမ်းစစ်အုပ်စုဟာ အာဆီယံက သံတမန်ရေးရာ ဆက်ဆံခွင့်တွေကို ပိတ်ပင်ကန့်သတ်ထားရုံကြောင့်သက်သက်နဲ့ တကိုယ်တည်းအထီးကျန်ဖြစ်နေတာ မဟုတ်ပါဘူး။

သူ့နိုင်ငံသားတွေရဲ့ ကြည်ဖြူမှုနဲ့ တရားဝင်မှု မရှိတာကြောင့် တကိုယ်တည်းအထီးကျန်ဖြစ်နေရတာ ဖြစ်ပါတယ်။

နိုင်ငံအနှံ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းကွန်ရက်တွေနဲ့ စစ်တပ်အုပ်ချုပ်မှုကို လုံးဝလက်မခံတဲ့ ပြည်သူလူထုဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ အာဏာစက်ကို အန်တုစိန်ခေါ်နေကြတာ ဖြစ်ပါတယ်။

မြန်မာ့ပဋိပက္ခဟာ ဆယ်စုနှစ်များစွာ အာဏာရှင်အုပ်ချုပ်မှု ၊ ဖယ်ကျဉ်ခံထားရမှုနဲ့ အကြမ်းဖက်မှုတွေမှာ အမြစ်တွယ်နေတဲ့ တရားဝင်မှုအကျပ်အတည်းတစ်ခုအဖြစ် ကူးပြောင်းဖြစ်တည်လာခဲ့ပါပြီ။

ဒီကွဲပြားခြားနားချက်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံရုံနဲ့တင် ငြိမ်းချမ်းရေးရအောင် မဆွေးနွေးနိုင်လို့ပဲ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ တရားဝင်နိုင်ငံရေးအရ ဆက်ဆံမှုတွေကို ပြန်လည်စတင်ခဲ့ရင်တောင်မှ ပဋိပက္ခကို မောင်းနှင်နေတဲ့ အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

အဲဒီအရင်းခံအကြောင်းတရားတွေကတော့ ဒီမိုကရေစီနည်းကျ ဗဟုဝါဒကို လက်ခံဖို့ စစ်တပ်က ငြင်းဆန်တာ၊ ကာလရှည်ကြာဖြစ်တည်နေတဲ့ တိုင်းရင်းသားတွေရဲ့ နာကျည်းချက်တွေ၊ စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု လုံးဝပျက်ပြားသွားတာတွေပဲ ဖြစ်ပါတယ်။

မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ သံတမန်ရေးရာ ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်လုပ်လိုက်တာက သံတမန်ရေးအရ တိုးတက်မှုရှိလာသယောင် အပေါ်ယံ အမြင်မျိုးတော့ ဖြစ်စေနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီလို အပေါ်ယံအမြင်မျိုးကို နိုင်ငံရေးအရ အဖြေရှာနိုင်ပြီလို့ လွဲမှားစွာ မယူဆသင့်ပါဘူး။

ပိုပြီး အန္တရာယ်ကြီးတာကတော့ တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ သံတမန်ရေးရာ ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်လုပ်လိုက်တာက ဒေသတွင်း တည်ငြိမ်ရေးကို အကြောင်းပြပြီး မြန်မာပြည်သူတွေရဲ့ ရပိုင်ခွင့်တွေနဲ့ မြန်မာပြည်သူတွေအတွက် ကာကွယ်စောင့်ရှောက်မှုတွေကို စတေးပစ်လိုက်သလို ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အရပ်သားပြည်သူတွေဟာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ စီးပွားရေးပြိုလဲမှုဒဏ်တွေကို အလူးအလဲ ခံစားနေကြရတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အခုလဆန်းပိုင်းမှာ သတိပေးခဲ့ပါတယ်။

စာသင်ကျောင်းတွေ၊ ကျေးရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထားတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ ဆက်လက်သေဆုံးထိခိုက်ဒဏ်ရာရနေရပြီး ဒီလုပ်ရပ်တွေဟာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု မြောက်နိုင်တယ်ဆိုတာကိုပါ။

တစ်ချိန်တည်းမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်အုပ်ချုပ်မှုကို ပုံစံသစ်နဲ့ အသွင်ပြောင်းဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

ဒီမိုကရေစီနည်းကျ တရားဝင်မှုမရှိဘူးဆိုပြီး နိုင်ငံတကာက ပယ်ချထားတဲ့ အပြစ်အနာအဆာ ဗရပွအပြည့် ၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲတွေကနေတစ်ဆင့် ကြိုးပမ်းလာခဲ့တာပါ။

ဆွေးနွေးပွဲတွေ မစတင်ခင် တော်လှန်ရေးအဖွဲ့တွေဘက်က အရင်လက်နက်ချဖို့ တောင်းဆိုထားတဲ့ စစ်အုပ်စုရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်ဆိုတာကိုလည်း အဓိကအတိုက်အခံအဖွဲ့အစည်းတွေက ချက်ချင်းပဲ ပယ်ချခဲ့ကြပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး အစိုးရအသစ်ဖွဲ့စည်းပြီးနောက်မှာလည်း မြို့နယ်ပေါင်းများစွာမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး စစ်ခုံရုံးတွေကို အရပ်သားပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် တရားစီရင်ပိုင်ခွင့်အာဏာတွေ အပ်နှင်းခဲ့ပါတယ်။

ထိခိုက်ခံစားခဲ့ရသူတွေနဲ့ အသက်ဘေးက လွတ်မြောက်လာသူတွေအတွက်တော့ မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံရဲ့ ဆွေးနွေးငြင်းခုံမှုတွေဟာ သာမန်သံတမန်ရေးရာ ကိစ္စတစ်ခုမျှသာ မဟုတ်ပါဘူး။

တရားမျှတမှု၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးမှုနဲ့ ဒီမိုကရေစီနည်းကျတရားဝင်မှုဆိုတဲ့ အခြေခံမူတွေကို လက်ကိုင်ထားဖို့ အာဆီယံဒေသတွင်းနိုင်ငံတွေအနေနဲ့ အဆင်သင့် ရှိ၊ မရှိ ဆိုတာနဲ့ သက်ဆိုင်နေပါတယ်။

သင့်တော်တဲ့ အချိန်မရောက်ခင် မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်လုပ်လိုက်တာဟာ အန္တရာယ်ရှိတဲ့ သတင်းစကားတစ်ခု ပါးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေသာ လုံလုံလောက်လောက် ရေရှည်ဆက်ဖြစ်နေမယ်ဆိုရင် နောက်ဆုံးမှာတော့ လက်ခံညှိနှိုင်းပေးလို့ ရသွားတာပဲဆိုတဲ့ အန္တရာယ်ရှိတဲ့ သတင်းစကားပါ။

ဒီလို စိုးရိမ်ပူပန်မှုကြောင့်ပဲ အာဆီယံအဖွဲ့အတွင်းမှာတင် မသက်မသာ ဖြစ်စရာတွေ ရှိလာနေပြီ ဖြစ်ပါတယ်။

သင့်တော်တဲ့အချိန်မရောက်ခင် မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာမျိုးကို မလုပ်ဖို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့က သတိပေးထားပါတယ်။

အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုတစ်စုံတစ်ရာမရှိဘဲ ဆက်ဆံရေးတွေ ပြန်စတာဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့်အပြင် အာဆီယံကိုယ်တိုင် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး မူဘောင်ကိုလည်း ထိခိုက်စေလိမ့်မယ်လို့ အဲဒီနိုင်ငံတွေက ထောက်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ အာဆီယံမှာ သြဇာအရှိဆုံး အဖွဲ့ဝင်နိုင်ငံတွေထဲက တစ်နိုင်ငံအနေနဲ့ရော မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ရော ရှိနေဆဲပါ။

ထိုင်းနိုင်ငံရဲ့ သံတမန်ရေးရာ ခြေလှမ်းတွေဟာ မြန်မာ့အကျပ်အတည်းအပေါ် ဒေသတွင်းနိုင်ငံတွေရဲ့ နောက်ထပ်ချဉ်းကပ်ပုံကို မလွဲမသွေ ပုံဖော်ပေးသွားပါလိမ့်မယ်။

ဒါပေမဲ့ ဒေသတွင်း သံတမန်ရေးရာ ဆောင်ရွက်ချက်တွေဟာ သံတမန်ရေးရာသက်သက်အတွက်သာ မဖြစ်သင့်ပါဘူး။

သံတမန်ရေးဆိုတာ အစိုးရအချင်းချင်း ဆက်ဆံရေးကို ကိုင်တွယ်ရုံတင်မကဘဲ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အသံပျောက်နေရတဲ့ ပြည်သူပြည်သားတွေရဲ့ကိုယ်စားပါ မားမားမတ်မတ် ပြောဆိုပေးရမှာ ဖြစ်ပါတယ်။

တကယ်လို့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံဖို့ ရွေးချယ်မယ်ဆိုရင် အဲဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်တဲ့ တိကျပြီး တိုင်းတာလို့ရတဲ့ စည်းကမ်းချက်တွေနဲ့ တွဲချည်ထားသင့်ပါတယ်။

အဲဒီစည်းကမ်းချက်တွေကတော့ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနဲ့ အတိုက်အခံအဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ယုံကြည်စိတ်ချရတဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်ရေးတို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ ဘန်ကောက်အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ စည်းကမ်းချက်တွေ သတ်မှတ်မထားဘဲ အာဆီယံကို စစ်အုပ်စုနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံဖို့ပဲ တွန်းအားပေးနေမယ်ဆိုရင်တော့ တာဝန်ခံမှုရှိစေရေး၊ အရပ်သားပြည်သူတွေကိုကာကွယ်ရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာစေရေးတို့ထက် သံတမန်ရေးကို အသုံးချပြီး အာဏာရှင်စနစ်ကို အသက်သွင်း အဖတ်ဆယ်ပေးရာ ရောက်သွားမယ့် အန္တရာယ် ရှိနေပါတယ်။

လုချိုင်း

(မေလ ၁၅ ရက်နေ့က Bangkok Post တွင် ဖော်ပြထားသည့် Yuyun Wahyuningrum ၏ Thailand’s risky Myanmar policy ဆောင်းပါးကို ဘာသာပြန်သည်)