ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အပြုံးမဲ့ မင်္ဂလာဆောင်

February 17, 2026

မင်္ဂလာဆောင်ရာသီ ရောက်လာပြီဆိုတော့ ပတ်ဝန်းကျင်မှာ ပြုံးပျော်နေကြတာ မြင်ရလို့ စိတ်ချမ်းသာစရာပါပဲ။

ဒါပေမဲ့ အဲဒီအပြုံးတွေရဲ့ နောက်ကွယ်မှာ အကြွေးစာရင်းတွေ ရှိနေတယ်ဆိုတာကိုတော့ ကာယကံရှင်ဖြစ်တဲ့ သတို့သားနဲ့ သတို့သမီးပဲ သိကြမှာပါ။ မင်္ဂလာဆောင်ပြီးရင် ဟန်းနီးမွန်းခရီးထွက်ရမှာလား မသေချာပေမယ့် အများစုကတော့ အကြွေးယူထားတဲ့ မင်္ဂလာဆောင်စရိတ်ဆပ်ဖို့ အပေါင်ဆိုင်ကို မျက်စောင်းထိုးနေကြရပါပြီ။

မင်္ဂလာဧည့်ခံပွဲပြီးလို့ ဧည့်သည်တွေလည်းပြန်၊ လက်ဖွဲ့ငွေတွေလည်း ရေတွက်ပြီးတဲ့အချိန်မှာ စုံတွဲသစ်လေးများ မျက်နှာမကောင်းနိုင်ကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ လက်ဖွဲ့ငွေနဲ့ ကုန်ကျစရိတ်ကို တွက်ကြည့်လိုက်ရင် အနုတ်ပြနေလို့ပါ။ အာဏာမသိမ်းခင်ကတော့ မင်္ဂလာဆောင်စရိတ်တွေ နုတ်ပြီးတာတောင် လက်ဖွဲ့ငွေတွေ ကိုယ့်အိတ်ကပ်ထဲ ကျန်ရစ်သေးတော့ အိမ်ထောင်သစ်ကို ပြုံးပြုံးလေး စတင်နိုင်ကြတယ်။ အခုခေတ်မှာတော့ အဲဒီလို မျှော်လင့်လို့ မရတော့ပါဘူး။

လက်ရှိအချိန်မှာ မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ လက်ဖွဲ့ငွေက ဘယ်လိုမှ မကာမိတော့တာကြောင့် သတို့သားနဲ့ သတို့သမီးတို့ခမျာ မင်္ဂလာဦးညမှာ ဟန်းနီးမွန်းခရီးသွားဖို့တောင် စိတ်ကူးမယဉ်နိုင်ကြတော့တဲ့ အခြေအနေပါ။ အရင် အာဏာမသိမ်းခင်တုန်းက ကျပ်သိန်းတစ်ရာလောက်နဲ့ အဆင်ပြေပြေ ကျင်းပနိုင်ခဲ့တဲ့ မင်္ဂလာပွဲတစ်ခုဟာ အခုအချိန်မှာတော့ နှစ်ဆ၊ သုံးဆမက ကုန်ကျစရိတ် တက်သွားခဲ့ပါပြီ။

လက်ရှိအချိန် မင်္ဂလာပွဲတစ်ခုရဲ့ ခန်းမပြင်ဆင်စရိတ်နဲ့ မိတ်ကပ်ဖိုးတင် ကျပ်သိန်း ၄၀ ကနေ ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။ ဒါ့အပြင် မင်္ဂလာအလှဓာတ်ပုံနဲ့ မှတ်တမ်းဓာတ်ပုံတွေအတွက် အနည်းဆုံး ကျပ် ၁၀ သိန်း၊ အသံချဲ့စက်နဲ့ စားပွဲ၊ ကုလားထိုင် ငှားရမ်းခတွေအတွက် ကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျတာကြောင့် ဒီအချက်တွေတင် သိန်းတစ်ရာနီးပါး ကုန်ကျသွားပါပြီ။ ဧည့်သည်တွေကို ကျွေးမွေးစရိတ်၊ ဖိတ်စာဖိုး၊ မင်္ဂလာဝတ်စုံဖိုးနဲ့ အခြား အထွေထွေကုန်ကျစရိတ်တွေပါ ပေါင်းလိုက်မယ်ဆိုရင်တော့ အရှုံးပေါ်ဖို့က သေချာသလောက် လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်ပါတယ်။

ဒီအခြေအနေအားလုံးရဲ့ တရားခံမှာ အခြားမဟုတ်ပါ။ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှုတို့ကြောင့်ပင် ဖြစ်ပါတယ်။

၂၀၂၀ တုန်းက သူငယ်ချင်းတစ်ယောက်ကို ငါးထောင်ကျပ် လက်ဖွဲ့ခဲ့တယ် ဆိုပါစို့။ အဲဒီတုန်းက ငါးထောင်ဆိုတာ မနည်းလှပါ။ ဒါပေမဲ့ အခုနေ မင်္ဂလာဆောင်လို့ အဲဒီသူငယ်ချင်းက နှစ်ဆလောက်တင်ပြီး ကျပ်တစ်သောင်း လက်ဖွဲ့တယ်ဆိုရင်တောင် မမီသေးပါဘူး။ အဲလိုလက်ဖွဲ့တဲ့သူကလည်း ခပ်ရှားရှားရယ်ပါ။ အာဏာမသိမ်းခင်က ငါးထောင်ကျပ်နဲ့ဆို ထားဝယ်မုန့်လက်သုပ် တစ်နေ့တစ်ပွဲနှုန်းနဲ့ ၁၆ ရက်တိတိ ဝယ်စားလို့ရနေတာပါ။ အခုချိန်မှာရတဲ့ လက်ဖွဲ့ငွေ တစ်သောင်းကျပ်ကတော့ လွန်ရောကျွံရော ထားဝယ်မုန့်လက်သုပ် သုံးပွဲစာလောက်ပဲ ရမှာပါ။

ဒီအချက်နဲ့တင် ကျပ်ငွေတန်ဖိုး ကျဆင်းသွားလို့ ပြည်သူတွေရဲ့ လူမှုဘဝတွေ ဘယ်လောက်အထိ အကျပ်အတည်းဆိုက်နေလဲဆိုတာ ရိပ်မိလောက်မယ်ထင်ပါတယ်။

နောက်ထပ် အခက်အခဲတစ်ခုကတော့ လုံခြုံရေးအခြေအနေပါပဲ။ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတာ၊ ဖမ်းဆီးပြီး ငွေညှစ်ခံနေရတာကြောင့် ဒေသခံတွေဟာ မလိုအပ်ဘဲ တစ်မြို့ကနေ တစ်မြို့ကို ခရီးသွားလာတာမျိုးတွေ မလုပ်ကြတော့ပါဘူး။ ခရီးသွားရင်း လမ်းမှာ တိုက်ပွဲတွေနဲ့ တိုးမိမလား၊ အသက်အန္တရာယ်ပဲ ကြုံရမလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် အရင်လို တစ်နေရာကနေ တစ်နေရာကို မင်္ဂလာဆောင်သွားတက်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ မင်္ဂလာပွဲ လာရောက်ချီးမြှင့်ကြတဲ့သူ နည်းသွားတော့ လက်ဖွဲ့ငွေကလည်း သိသိသာသာ လျော့နည်းသွားပါတယ်။

ထားဝယ်ဒေသခံတွေဟာ တောင်းရမ်းလက်ထပ်ထိမ်းမြားရတာကို ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအတွက် တစ်သက်မှာ တစ်ခါသာရှိတဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပချင်ကြတာဟာ သူတို့ရဲ့ အိပ်မက်တစ်ခုပါပဲ။ အဲဒီအပြင် လက်ဖွဲ့ငွေကို အရင်းအနှီးပြုပြီး ဘဝသစ်စတင်ဖို့ ရည်ရွယ်ကြပေမယ့်လည်း လက်တွေ့မှာတော့ ကုန်ကျစရိတ်ကိုပင် မကာမိတော့လို့ အိပ်မက်တွေလည်း ခါးသီးကုန်ကြပါပြီ။

တကယ်တော့ ဒီမင်္ဂလာပွဲတွေဟာ ကျပ်ငွေကျဆင်းသွားလို့ ပြည်သူတွေရဲ့ လူနေမှုဘဝတွေ ဘယ်လောက်ခက်ခဲသွားလဲဆိုတာကို ပြသနေတာပါ။ အာဏာသိမ်းခင် ၂၀၂၀ ပြည့်နှစ်တွေတုန်းက ငွေကျပ်သိန်းတစ်ရာဆိုတာ အိမ်ထောင်စုတစ်ခုအတွက် ဘဝသစ်ကို ခိုင်ခိုင်မာမာ စတင်နိုင်တဲ့ ပမာဏဖြစ်ခဲ့ပေမဲ့ စစ်အုပ်စု အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာ အခုချိန်မှာတော့ အဲဒီငွေပမာဏဟာ မင်္ဂလာပွဲပြင်ဆင်စရိတ်တွေအတွက်တင် အငွေ့ပျံသွားခဲ့ပါပြီ။

ဒါဟာ ပြည်သူတွေရဲ့ ချွေးနည်းစာ စုဆောင်းငွေတွေ တန်ဖိုးမဲ့သွားပြီး အခြေခံလူတန်းစားတွေအတွက် မင်္ဂလာဆောင်တယ်ဆိုတာ ပျော်ရွှင်၊ ကြည်နူးစရာ၊ ဂုဏ်ယူစရာဆိုတဲ့ အမှတ်တရတွေအစား ဝန်ထုပ်ဝန်ပိုးတစ်ခုအသွင် ပြောင်းလဲသွားတာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။

နောန်ပြည့်ဝ