ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက် ရေတပ်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်း မွမ်းမံသင်တန်းပေး

August 13, 2026

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင်ရွာ၌ တည်ဆောက်ထားသည့် ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်း မွမ်းမံသင်တန်းပေးနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မွမ်းမံသင်တန်းကျောင်းကို တက်ခဲ့ရကြောင်း စစ်မှုထမ်း အပတ်စဥ် ၃ သင်တန်းဆင်းတစ်ဦးဖြစ်သည့် ရေတပ် တပ်ကြပ်သန်းထိုက်ဇော် က သင်တန်း အခမ်းအနားတွင် ပြောဆိုခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်မှုထမ်းသက် ၂ နှစ်ပြည့်၍ အိမ်ပြန်ခွင့်လက်မှတ် ပုံစံ ၁၂ ပေးပွဲတွင် စစ်မှုထမ်းအပတ်စဥ် ၃ သင်တန်းဆင်းတစ်ဦးဖြစ်သည်။

ကင်းတောင်ရွာရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းကို စစ်အာဏာမသိမ်းမီကတည်းက တည်ဆောက်နေပြီး အာဏာသိမ်းပြီးနောက် သင်တန်းသားအချို့ လာရောက် လည်ပတ်နေသည်ကို တွေ့ရကြောင်း သင်တန်းကျောင်းပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများက ပြောသည်။

“ရွာထဲမှာပဲ လူငယ်မရှိဘဲ နေမယ်။ အဲဒီကျောင်းမှာ လူငယ်လူရွယ်တွေချည်းပဲ။ အဝင်အထွက် တင်းကျပ်တယ်။ ရွာသားတွေက သင်တန်းကျောင်း အနားကပ်မရဘူး။ ကင်းတောင်နဲ့ သင်္ကန်းတော နှစ်ရွာကြားမှာ တံတားတစ်စင်းထိုးထားတာလည်း သူတို့ (စစ်အာဏာရှင်တပ်သား) ပဲသုံးတယ်။ ရွာသားတွေ မသုံးရဘူး။ ရွာသားတွေက အခုအထိလှေနဲ့ ချောင်းကူးရတယ်” ဟု သဲချောင်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည် ရ။

ရန်ကုန်တွင် ၂၀၂၄ နှစ်ဆန်းပိုင်းက လူပျောက်ဖြစ်စဥ်တစ်ခုမှ လူငယ်တစ်ဦးကိုလည်း ကင်းတောင် ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းသား အဖြစ်ပြန်တွေ့ရသည့် ဖြစ်စဉ်လည်းရှိကြောင်း ကာယကံရှင်မိသားစုများထံမှ သိရသည် ။

သို့သော် အဆိုပါသင်တန်းကျောင်းတွင် လတ်တလော သင်တန်းသားမည်မျှရှိနေကြောင်းကိုမူ သီးခြားအတည်မပြုနိုင်သေးပေ ။

ကံပေါက်တိုက်နယ်အတွင်း၌မူ ဒေသခံများ စစ်မှုထမ်း စုဆောင်းခံရခြင်း ဖြစ်စဥ်များ မရှိသေးသော်လည်း စစ်မှုထမ်းကြေး ပေးဆောင်နေရကြောင်း ဒေသခံများက ဆိုသည် ။

အထက်ပါသင်တန်းကျောင်းသည် စစ်အုပ်စု မောရဝတီစခန်းဌာနချုပ် ဟိန္ဇဲရေယာဥ်စု အခြေစိုက် ၏အနောက်ဘက် ငါးမိုင်ကျော်အကွာ သဘွတ်ချောင်းရွာနှင့် ကင်းတောင်ရွာအနီးတွင်တည်ရှိသည် ။

ယင်းကျေးရွာများတည်ရှိရာ သဲချောင်းကျေးရွာအုပ်စု တွင် မောရဝတီ ရေတပ်က လက်နက်တပ်ဆင်ပေးထားသည့် အင်အားဆယ်ချီ ရှိသည့် ပျူစောထီးအဖွဲ့တစ်ဖွဲ့လည်း အခြေစိုက်သည်။

ယင်းအပြင် အဆိုပါရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ယခုနှစ် မတ်လအတွင်း လေယာဥ်ပျံတက်ဆင်းနိုင်သည့် မီတာ ၇၀၀ ဝန်းကျင် လေယာဉ်ကွင်း တစ်ခု တိုးချဲ့ဆောက်လုပ်ထားကြောင်း သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် TIDE Information Unit (TIU) ၏ အစီရင်ခံစာ တစ်ခုတွင်ဖော်ပြသည် ။

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း ၊ သန်လျင်မြို့နယ်တွင် ရေတပ်လေ့ကျင့်ရေးကျောင်းတစ်ခုရှိခဲ့ပြီး ၂၀၀၈ ခုနှစ်ခန့်တွင် အောက်မြန်မာပြည်၌ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုထပ်ဖွင့်ရန် သန်လျင်ရှိ သင်တန်းကျောင်းကို အမှတ် ၁ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း (ရလရ-၁ )အဖြစ်ပြောင်းလဲခဲ့သည် ။

လက်ရှိတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်ဖြစ်နေသည် ။

ရေဖြူမြို့နယ် ၊ ကင်းတောင်ရွာတွင် ကိုဗစ်ကာလမတိုင်မီ တည်ဆောက်ခဲ့သည့် ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း မှာ ရလရ – ၂ ဖြစ်လာခဲ့သည် ။

စစ်အာဏာရှင်တပ်သည် တနင်္သာရီတိုင်း အတွင်း၌ စစ်မှုထမ်း သင်တန်းကို ပလောက်မြို့ ရှိ အမှတ်၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်း နှင့် ကျွန်းစုမြို့နယ် ရှိ အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ်တို့တွင် အပတ်စဥ်တစ်ခုလျှင် တစ်လ တစ်လှည့်စီ သင်တန်းပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေး ဆိုင်ရာလေ့လာရေးအဖွဲ့က ဖော်ပြသည်။