သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာနေ ဇနီးမောင်နှံကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားသည်မှာ ငါးလနီးပါးကြာပြီဖြစ်သော်လည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်နှင့် ဂုံညှင်းဆိပ်ရွာကို ပရိုဘောက်ကားဖြင့် ခရီးသည်တင်ယာဉ်ပြေးဆွဲနေသည့် အသက် ၄၀ ကျော်အရွယ် ဇနီးမောင်နှံကို KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း ၁၂ ၏ ရေကြောင်းတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ က အသက် ၄၇ နှစ်အရွယ် ဦးပိုက်ပိုက်နှင့်အတူ အသက် ၄၈ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်မိချိုထိုက်နှင့် သားဖြစ်သူတို့သည် ပရိုဘောက်ကားဖြင့် ဂုံညှင်းဆိပ်ရွာမှ ထားဝယ်မြို့သို့ သွားရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့သွားရောက်ချိန် ဂုံညှင်းဆိပ်-ထားဝယ်လမ်းပိုင်းရှိ စုံစင်ဖျားရွာတွင် KNLA တပ်ရင်း ၁၂ လက်အောက်ခံ ကိုဒဿဦးဆောင်သည့်တပ်က ဖမ်းဆီးသွားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။
ထိုနောက် သားဖြစ်သူကို ပြန်လွှတ်လိုက်သော်လည်း အထက်ပါဇနီးမောင်နှံနှင့် ကားကို ဖမ်းဆီးခေါ်ဆောင်သွားရာက လက်ရှိအချိန်အထိ သတင်းမရဘဲ ပျောက်ဆုံးနေကြောင်း အထက်ပါဒေသခံက ဆိုသည်။
အဆိုပါ လင်မယားကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ကိုလည်း ယနေ့အထိ ထုတ်ပြန်ရှင်းလင်းခြင်းမရှိသလို ဒေသခံများ၊ မိသားစုဝင်များကိုလည်း ပြောကြားခြင်း မရှိပေ။
ယင်းသို့ဖမ်းဆီးပြီး ၈ ရက်ခန့်အကြာတွင် ကိုဒဿဦးဆောင်သည့် လက်နက်ကိုင်များက ဂုံညှင်းဆိပ်ရွာရှိ အထက်ပါ ဇနီးမောင်နှံ၏ နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး သမီးဖြစ်သူကို ဖမ်းဆီးကာ ဆိုင်ကယ် ၃ စီးနှင့် ဖုန်း ၃ လုံးကိုပါ သိမ်းဆည်းသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ထိုနောက် သမီးဖြစ်သူကို ပြန်လွှတ်လိုက်သည်ဟုသိရပြီး လက်ရှိတွင် ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၂ လုံးကို ပြန်ပေးခဲ့သည်ဟု ကြားသိရကြောင်းအထက်ပါ ဒေသခံကဆိုသည်။
“လက်ရှိအချိန်အထိ ဘာမှကို မကြားရဘူး။ ဘာအစအနတောင်မကြားရဘူး။ ရွာထဲမှာက သတ်ပစ်လိုက်ပြီလို့လည်း ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ သတင်းမေးမြန်းနိုင်ရန် Dawei Watch က ကိုဒဿ ကိုင်ဆောင်သည့်ဖုန်းကို ၃ ကြိမ်တိုင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရသေးပေ။
ထိုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားကို ယနေ့မွန်းလွဲပိုင်းက စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။
ကိုဒဿ မှာ CDM ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး KNLA တပ်ရင်း ၁၂ ၏ ရေကြောင်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေ သူဖြစ်ကြောင်း ပြောဆိုကြသလို KNLA တပ်ရင်း ၁၂ ၊ တပ်ခွဲ ၂ တွင် တပ်စုမှူး တာဝန်ယူထားသူဖြစ်ကြောင်း ပြောဆိုသူများလည်းရှိသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာမှာ တိုက်ပွဲပြင်းထန်ပြီး စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့် ကျေးရွာဖြစ်သည်။
ဂုံညှင်းဆိပ်ရွာအနီးရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝရွာတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းမှထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်သားများက ဂုံညှင်းဆိပ်ရွာတွင် ပိတ်မိနေရာက ရက်ရှည်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။







