ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကားသုံးစီးဆင့်တိုက်မှု ကံပေါက်ဒေသခံအပါအဝင် သုံးဦးသေဆုံး

June 2, 2026

Ref: Thaireport, Pigeon31,Sawang Methee Thammasathan Rescue Foundation.

ထိုင်းတောင်ပိုင်းတွင် ဇွန်လ ၁ ရက် ညနေပိုင်းက ကားသုံးစီးဆင့်တိုက်မှုကြောင့် ကံပေါက်ဒေသခံတစ်ဦး အပါအဝင် လူသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း ကံပေါက်ဒေသခံများနှင့် ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

ပရာကျွတ်ခီရီခန်ခရိုင်၊ ရိုင်းမိုင်မြို့နယ်၊ ရိုင်းမိုင်ဈေးအနီး၊ ဖက်ကာဆမ်လမ်းမပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

အနက်ရောင် ကားတစ်စီးကို အဖြူရောင်ကားတစ်စီးက နောက်က ဝင်တိုက်မိပြီး ယင်းနောက် အနက်ရောင်ကားသည် လမ်းလယ်ခေါင်ကို ကျော်၍ ကွေ့ဝင်ကာ တစ်ဖက်ယာဥ်ကြောက မောင်းနှင်နေသော ခြောက်ဘီးကုန်တင်ကားကို ဝင်တိုက်မိကြောင်း ကားတိုက်မှု ရုပ်သံမှတ်တမ်းအရ သိရသည်။

အနက်ရောင်ကားနှင့် ကုန်တင်ကားတို့ ထိခိုက်မှုများခဲ့ပြီး နေရာတွင်ပင် နှစ်ဦးသေဆုံးကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစဥ် တစ်ဦးထပ်မံသေဆုံးခဲ့ပြီး အခြားဒဏ်ရာရသူ လေးဦးလည်း ဆေးကုသမှုခံယူနေဆဲ ဖြစ်ကြောင်း ဆိုသည်။

သေဆုံးသူ သုံးဦးအနက် တစ်ဦးမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ကံပေါက်ဒေသခံများထံမှ သိရသည်။

သေဆုံးသူ ကျန်နှစ်ဦးအနက် တစ်ဦးမှာ မြန်မာဖြစ်ကြောင်း စုံစမ်းသိရပြီး ကျန်တစ်ဦးကိုမူ အတည်မပြုနိုင်သေးပေ။

ကားတိုက်မှု ဖြစ်ပွားသည့်အကြောင်းအရင်းကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း ဖော်ပြသည်။

Ref: Thaireport, Pigeon31,Sawang Methee Thammasathan Rescue Foundation.

No related posts found.