ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

February 2, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ

မြန်မာပြည်သူ ၁၅သန်း အငတ်ဘေးဆိုက်နိုင်တယ်လို့ WFP ပြော

မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုဟာစိုးရိမ်စရာအခြေအနေဖြစ်နေပြီး ၂၀၂၅မှာဆိုရင် ပြည်သူ ၁၅သန်းဟာ ငတ်မွတ်ခေါင်း ပါးမှုဘေးနဲ့ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ရက်မှာ ထုတ်ပြန်သတိပေးပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြည်သူ ၁၃ဒသမ ၃သန်းဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ကြုံခဲ့ရပြီး အခုနှစ်မှာတော့ ၁၅သန်းအထိရှိလာမယ်လို့ ခန့်မှန်းထားတာပါ။ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ အထူးသဖြင့် ချင်း၊ ကချင်၊ ရခိုင်နဲ့ စစ်ကိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စားနပ်ရိက္ခာမလုံလောက်မှု အမြင့်ဆုံးကြုံရမယ်လို့ ဆိုပါတယ်။ လူသန်း ၂၀ တစ်နည်းအားဖြင့် လူသုံးဦးမှာ တစ်ဦးဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မယ်လို့လည်း WFP က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝန်း ပဋိပက္ခတွေ ကြီးထွားလာတာ၊ အကူအညီပေးခွင့် ကန့်သတ်ခံရတာ၊ စီးပွားရေးပြိုလဲတာနဲ့ သဘာဝဘေး တွေဟာ ငတ်မွတ်ခေါင်းပါးမှုကို အမြင့်ဆုံးရောက်အောင် တွန်းပို့နေတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် ၃ ဒသမ ၅သန်း ရှိနေပြီး အခုနှစ်အတွင်းမှာ ၄ ဒသမ ၅သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် အစားအသောက်တွေ မဝယ်နိုင်လို့ အစားလျှော့စားရတာ၊ ငတ်မွတ်တာတွေကြုံနေရတယ်လို့လည်း ဖော်ပြပါတယ်။

……………………………………..

အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်၊ လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်

စစ်ကောင်စီဟာ ရန်ကုန်က မြို့နယ်တချို့မှာ အမျိုးသမီး စစ်မှုထမ်းစာရင်းကို စတင်ကောက်ယူနေပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ရန်ကုန်တိုင်းက သာကေတ၊ ဒေါပုံအပါအဝင် မြို့နယ်တချို့မှာ အမျိုးသမီးစာရင်းတွေကို စစ်ကောင်စီ ရပ်ကျေးအဖွဲ့တွေက ကောက်ယူနေတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြကြပါတယ်။ အမျိုးသမီးစာရင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ကပ်ထားတာတွေရှိလာပြီး အိမ်ထောင်ရှိသူ၊ တက္ကသိုလ်တက်နေသူတွေလည်း စစ်မှုထမ်းရမယ့်အကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုတာကြေင့် စိုးရိမ်မှုတွေရှိနေကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အသက် ၁၈နှစ်ကနေ ၃၅နှစ်အထိ အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုလည်း ဇန်နဝါရီလ ၃၀ ရက်ကနေ စတင်ပိတ်လိုက်ပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အလုပ်စာချုပ်တွေ ချုပ်ခွင့်မပြုတော့သလို ပြည်ပထွက် အလုပ်လုပ်ရင် လိုအပ်တဲ့ အလုပ်သမားကတ် ထုတ်ပေးတာကိုလည်း ရပ်ဆိုင်းလိုက်တာလို့ အေဂျင်စီတာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။ စစ်ကောင်စီဟာ လူငယ်တွေကို ဖမ်းဆီးပြီး အဓမ္မ စစ်မှုထမ်းခိုင်းတာတွေ များပြားလာတာကြောင့်လည်း လူငယ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

……………………………………..

ကျောက်မဲဆေးရုံး ဗုံးကြဲခံရ၊ မြင်းခြံ လေကြောင်းတိုက်ခိုက်ခံရမှု လူ ၂၀နီးပါးသေဆုံး

ရှမ်းမြောက်မှာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က ဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာလည်း လေယာဉ်နဲ့ တိုက်ခိုက်လို့ လူသေဆုံးမှု များပြားခဲ့ပါတယ်။

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို ဇန်နဝါရီလ ၂၅ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် သူနာပြုဆရာမ နှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး လူ၂၀ ကျော် ဒဏ်ရာရတယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၇ရက်မှာ ကျောက်မဲမြို့ကို ထပ်မံဗုံးကြဲလို့ သုံးဦးထက် မနည်း သေဆုံးခဲ့ပါသေးတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာက စာသင်ကျောင်းနဲ့ လူနေအိမ်တွေကြားကို ဇန်နဝါရီလ ၂၆ရက်မှာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲတိုက်ခိုက်သလို Mi 35ရဟတ်ယာဉ်နဲ့လည်း နာရီဝက်ကြာပစ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ မြို့နယ်/ရပ်ကျေးအဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၁၈ ဦးအထိ ရှိတယ်လို့ ဖော်ပြပါတယ်။ ပြည်တွင်း သတင်းတချို့မှာတော့ ပကဖရုံးနဲ့ အနီးဝန်းကျင်နေရာတွေ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

အခုသီတင်းပတ်အတွင်း မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြေင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

……………………………………..

ဗန်းမော်လေဆိပ်ကို KIA သိမ်းယူ

ကချင်ပြည်နယ် ဗန်းမော်မြို့ရဲ့ လေဆိပ်ကို ဇန်နဝါရီလ ၂၆ရက်မှာ သိမ်းယူထားတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

လားရှိုး၊ သံတွဲ၊ အမ်း လေဆိပ်တွေပြီးရင် လေးခုမြောက်သိမ်းယူခံရတဲ့ လေဆိပ်ဖြစ်လာပါတယ်။ ဗန်းမော်မြို့က အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကို ဇန်နဝါရီလ ၂၅ရက်မှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းယူခဲ့ပြီး နောက်တစ်ရက်မှာတော့ လေဆိပ်ကို သိမ်းယူထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ဆင်ကွက်ကဲမှုဌာနချုပ် စကခ ၂၁ရှိတဲ့ ဗန်းမော်မြို့က စစ်ကောင်စီတပ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ မြို့ရဲ့နေရာတချို့ကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေ တပ်စွဲနေရာယူထိန်းချုပ်ထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီက KIAဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက် ခိုက် နေပါတယ်။ ကချင်မှာ တစ်ကျော့ပြန်တိုက်ပွဲတစ်နှစ်တာကာလအတွင်း မြို့ ၁၀ကျော်ကို KIA က သိမ်းယူထားပါတယ်။

……………………………………..

ထရမ့်ရဲ့အမိန့်တွေ မြန်မာကို ဘယ်လိုသက်ရောက်လဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုးတဲ့ ကူညီထောက်ပံ့ရေးအစီအစဉ်တွေ ရပ်ဆိုင်းရေးအမိန့်တွေက မြန်မာပြည်သူတွေကို ရိုက်ခတ်မှု ကြီးကြီးမားမားရှိနေပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီတွေ ပြန်သုံးသပ်မယ်ဆိုပြီး ရက် ၉၀ ဆိုင်းငံ့လိုက်ပြီးနောက်မှာ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာရှိတဲ့ မြန်မာစစ်ဘေးရှောင်စခန်းတွေမှာ ဆေးရုံတွေ ဇန်နဝါရီလ ၂၇ရက်ကနေ စတင်ပိတ်လိုက်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးဝန်ဆောင်မှုတွေ ရပ်ဆိုင်းသွားလို့ စစ်ဘေးရှောင်တွေ အခက်အခဲကြုံနေရပြီဖြစ်ပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေကို HIV၊ တီဘီနဲ့ ငှက်ဖျားဆေးတွေ ထောက်ပံ့မှုကိုလည်း ရပ်ဆိုင်းလိုက်တဲ့အတွက် မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ HIV၊ တီဘီ ဝေဒနာသည်တွေအတွက် သက်ရောက်မှု ကြီးမားတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အရပ်ဖက်အဖွဲ့တွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီရပ်တာကြောင့် မြန်မာအရပ်ဖက် အဖွဲ့တွေအခက်ကြုံနေရသလို သတင်းမီဒီယာ အများအပြားလည်း အခက်အခဲတွေ ကြုံလာရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာကျောင်းသားတွေကို ပေးအပ်နေတဲ့ ပညာသင်ဆုကိုလည်း ရပ်ဆိုင်းလိုက်တဲ့အတွက် ကျောင်းသားတွေလည်း အခက်အခဲကြုံနေရပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ မတူကွဲပြားမှု၊ အားလုံးပါဝင်မှုတို့အတွက် ပေးအပ်တဲ့ ပညာသင်ဆုအစီအစဉ်မှာ အမေရိကန်ဒေါ်လာ ၄၅သန်း သုံးနေတာကို ပိတ်ပင်လိုက်တာပါ။ ဒီဆုဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ပညာသင်နိုင်ဖို့ ပေးအပ်တာပါ။

……………………………………..

မြန်မာစာပေပညာရှင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

မြန်မာစာပေပညာရှင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ဇန်နဝါရီလ ၂၈ရက် မနက်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။

ဧရာဝတီတိုင်းသား အမည်ရင်း ဒေါက်တာခင်အေးဖြစ်တဲ့ မောင်ခင်မင်(ဓနုဖြူ) ဟာ အသက် ၈၅နှစ်အရွယ်မှာ ကွယ်လွန် ခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ-ဌာနမှူး အငြိမ်းစားဖြစ်တဲ့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ဟာ မြန်မာ စာပေနဲ့ပတ်သက်လို့ စာအုပ်တွေ၊ ဆောင်းပါးတွေ များစွာကို ရေးသားခဲ့ပါတယ်။ ဆရာကြီးကွယ်လွန်မှုဟာ မြန်မာစာပေ လောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ စာပေအသိုင်းအဝိုင်းက မှတ်ချက်ပြုပြောဆိုကြပါတယ်။

မောင်ခင်မင်(ဓနုဖြူ) ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇန်နဝါရီလ ၃၀ ရက်က ပြုလုပ်ခဲ့ပြီး ရဟန်းသံဃာတွေ၊ စာရေးဆရာတွေ၊ တပည့်တွေ၊ စာပေချစ်မြတ်နိုးသူတွေ၊ ဆွေမျိုးမိတ်ဆွေသင်္ဂဟတွေ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ လိုက်ပါပို့ဆောင်ခဲ့ ကြပါတယ်။ 

……………………………………..