ရေဖြူ ခမရ ၄၀၆ တပ်ရင်းသို့ တပ်ပြောင်းပစ္စည်းလာပို့သည့်ကားကို PDF များ ဖမ်းဆီး

0
653
Photo - ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် (၃) (JOC)

ရေဖြူမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၄၀၆ ခြေမြန်တပ်ရင်းသို့ တပ်ပြောင်းပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီးကို ရေး – ထားဝယ် ကားလမ်းပိုင်းတွင် ဖမ်းမိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ၊ ဒုစစ်ဒေသကွပ်ကဲရေးမှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါကားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ရေးမြို့နယ် ၊ ကမော့ကနင်ရွာနှင့် အောင်သာယာ ရွာကြားတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရန်ကုန်တိုင်း၊ အင်းစိန်နှင့် တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အသက်၄၀ နှင့် ၅၀ ကြားအရွယ်ရှိ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် နှစ်ဦးတို့ကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းမိသည့် လိုက်ထရပ်ကားတွင် စစ်ယူနီဖောင်း၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်နှစ်စီး၊ အဝတ်အစား၊ အိုးခွက်ပန်းကန်နှင့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

ရေး – ထားဝယ်ကားလမ်းပိုင်းတွင် ယခုနှစ် နှစ်လယ်ပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လမ်းပိုင်း စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ခရီးသွားပြည်သူများထံမှ သိရသည်။

အမှတ် ၄၀၆ ခြေမြန်တပ်ရင်းသည် စကခ ၈ ၏ ကွပ်ကဲမှုအောက်တွင် တည်ရှိပြီး ကရင်ပြည်နယ်နှင့် ထားဝယ်ခရိုင်အတွင်း ရှေ့တန်း အမြဲသွားလာနေရသည့်တပ်ရင်းတစ်ခုဖြစ်သည်။