စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်ရှောင်မိသားစုဝင် ၁၀ဦးကျော် သတင်းအစအနမရ

0
2342

လောင်းလုံးမြို့နယ်တွင် ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်ဘေးရှောင်မိသားစုဝင် ၁၃ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်နေကြောင်း စုံစမ်းသိရှိရသည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ တိမ်းရှောင်နေသည့် စစ်ဘေးရှောင်မိသားစုဝင်များကို မတ်လ ၁၇ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆက်သွယ်မရသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် နီးစပ်သူတို့က ပြောသည်။

သက်ကြီးရွယ်အိုများနှင့် ကလေးများကိုသာချန်ထားခဲ့ပြီး ကျန်အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး စုစုပေါင်း ၁၃ ဦးရှိကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။

အဖမ်းမခံရဘဲ ကျန်ခဲ့သည့် စစ်ဘေးရှောင်များမှာ လတ်တလော လုံခြုံသည့်အနေအထားတွင် မရှိသေးသဖြင့် ဖမ်းဆီးခံရသူများ၏ အမည်နှင့် တိမ်းရှောင်နေရသူတို့၏ အမည်၊ ‌တည်နေရာတို့ကို ဖော်ပြနိုင်ခြင်း မရှိသေးပ။

“ဖမ်းသွားတဲ့နေ့ကစပြီး ဘာသတင်းမှ မကြားရတော့ဘူး။ တချို့ကလည်း ထားဝယ်ထောင်ကို ရောက်သွားပြီ ပြောနေကြတယ်။ ရေလမ်းကနေ ခေါ်သွားတယ်တယ်ဆိုပြီးကြားရတာပဲ” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

၎င်းတို့သည် လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာသားများဖြစ်ကြပြီး ရွာအနီး တိုက်ပွဲဖြစ်ပွားသဖြင့် အခြားရွာ တောစပ်တစ်နေရာတွင် တိမ်းရှောင်နေရာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွေ့ကာ အဖမ်းခံရခြင်း ဖြစ်သည်။

“ထမင်းစားပြီး ဝိုင်းထိုင်ပြီး စကားပြောနေကြတဲ့အချိန် တဲကိုဝိုင်းပြီးဝင်လာတာ။ ဘာမှကို မယူနိုင်ဘူး။ သူတို့ခေါ်တဲ့နောက် ပါလာကြတာ။ အခုဆို ဝယ်စားဖို့ ပိုက်ဆံလည်း ဘာမှမကျန်တော့ဘူး။ ကိုယ့်မှာပါတဲ့ ရွှေတွေလည်း အကုန်တဲမှာ ကျန်ခဲ့တယ်။ ပိုက်ဆံတွေရောပဲ” ဟု အသက် ၆၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ဖမ်းဆီးမခံရဘဲ ကျန်ရစ်သည့် ကလေးများနှင့် အသက်ကြီးရွယ်အို စုစုပေါင်း ၂၀ ခန့်မှာ စားဝတ်နေရေး အခက်တွေ့လျှက်ရှိသည်ဟုဆိုသည်။

“စားဖို့ထက် ဖမ်းသွားသူတွေ အကြောင်းပဲ သိချင်တယ်။ ကူညီပေးနိုင်ရင်ကူညီပေးစေချင်တယ်။ နိုင်ငံရေးဆို ဘာဆို ဘာမှနားလည်တဲ့သူတွေ မဟုတ်ဘူး” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

၎င်းတို့၏ မူလနေထိုင်ရာ ဇလွတ်ရွာအနီးတွင် ရေတပ်၊ ကြည်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင့် နေရပ်လည်း မပြန်ကြဘဲဖြစ်နေကြကြောင်း ၎င်းက ဆိုသည်။