တွယ်တာခြင်းရဲ့သဘော အားကိုးခြင်းမနော
Dawei Watch
March 21, 2026သို့/ ချစ်ရတဲ့သူရေ ဒီနေ့မနက် နေသာတယ်။ ချစ်ချစ်တောက်ပူပြီး ချွေးဖြိုင်ဖြိုင်ကျလောက်အောင် ပူပြင်းလွန်းတဲ့ နေ့ခင်းမျိုးပါပဲ။ မနက်ခင်းတုန်းက မီးတောက်တစ်ခုလို ပြင်းရှပူလောင်လွန်းလှတဲ့အပူဒဏ်က အနောက်မြောက်ရပ်ဆီကခရီးဆန့်လာတဲ့ မုတ်သုံတိမ်တိုက်တွေကြားမှာ တိုးလျှိုးကွယ်ပျောက်သွားပြီး ညနေခင်းရောက်တော့ ဆောင်းလလယ်မိုးကလေးရွာတယ်။ ဖြိုးဖြိုးဖြောက်ဖြောက်မဟုတ်ဘဲ အညှိုးနဲ့ဆင်သလို သည်းကြီးမည်းကြီးရွာသွန်းသောမိုးမျိုး။ ဆီးနှင်းတစ်ပြိုက် မိုးတလိုက်၊ မိုးသားမငြိမ် ဆင်ရာတိမ်ဆိုတဲ့ တန်ဆောင်မုန်း-နတ်တော်လ ရာသီမိုးကိုး။ ညရောက်ပြန်တော့ မိုးငွေ့တွေဝေ့ဝေ့စင်ပြီး လေနုအေးလေးတွေတိုက်ခတ်လို့၊ မြူခိုးတွေက အုံ့မှိုင်းလို့ပေါ့။ မှိန်ပြပြလင်းစွမ်းလျက်ရှိတဲ့ သော်တာဝန်းရှေ့ဖြတ်ပြီး တိမ်ရထားတို့က ရံဖန်ရံခါခုတ်မောင်း ခရီးဆန့်နေကြတာ တွေ့ရတယ်။ အဲဒီလရောင်အောက် စစ်ရှောင်တဲလေးတစ်ခုမှာ အစ်ကိုတို့လူစု ဝိုင်းဖွဲ့ထိုင်နေကြရင်း အာလ္လာပ သလ္လာပရောက်တတ်ရာရာ စကားစမြည်ပြောဖြစ်ကြတယ်။ အညှိုးနဲ့ဆင်တဲ့မိုးအပြီးညခင်းရဲ့ အေးမြတဲ့လေညှင်းတွေကြားမှာ စကားဝိုင်းက တစ်ခါတလေ ရယ်သံမောသံနည်းနည်းစွက်ပြီး တစ်ခါတရံမှာတော့ စကားဝိုင်းတစ်ခုလုံးငြိမ်လျက်သားကျလို့ ကိုယ်စီကိုယ်စီက တွေးမိတွေးရာအတွေးနက်နက်တွေကြားကို လှမ်းတိုးဝင်သွားတတ်တာကို သတိထားမိတယ်။ ဒီလိုငြိမ်လျက်သားကျနေတဲ့စကားဝိုင်းကို […]


