ဖထီးကဲဒို ဆိုရင် ထားဝယ် အရှေ့ဘက်ကရင်တောတစ်ခွင် မသိသူမရှိ။ ရှေ့မီနောက်မီ။ သက်ကြီးပိုင်းကရင်လူမျိုးတွေထဲမှာ ခေတ်ပညာတတ်။ ရိုးရာဓလေ့ကိုလည်းမပစ်ပယ်ချစ်ခင်သူ။ ကရင်လူငယ်ထုနဲ့ ရှေးကရင်လူကြီးထုကို ပေါင်းကူးပေးချင်သူ။ လူထုကို သူ့နည်းသူ့ဟန်နဲ့ ဦးဆောင်တတ်သူ။
လူထုယုံကြည်ကိုးစားမှုကိုလည်း အတိုင်းအတာတစ်ခုအထိရရှိသူ။ ကရင်အမျိုးသားအစည်းအရုံး (တပ်မဟာ ၄ နယ်မြေ) ခေါင်းဆောင်ပိုင်းကနေ အောက်ခြေလူထုအထိ ထိတွေ့ဆက်ဆံတတ်သူ။ အဲဒါတွေအားလုံးထက်အရေးအကြီးဆုံးက ဖထီးဟာ လူကောင်း၊ လူရိုး။ သူ့ကိုယ်ကျိုးထက် ရပ်ရွာအကျိုး၊ လူထုအကျိုးကို အမြဲတစေဦးထိပ်ရွက်ထားသူ။
တီးကဲလို့ပြောလိုက်ရင် ထားဝယ်နယ်ကတော်လှန်လူထုကြားမှာနာမည်ကြီး။ အထူးသဖြင့် လူငယ်တွေရဲ့အသည်းကျော်။ ထားဝယ်မြို့ရဲ့အရှေ့ဘက်က ကရင်ရွာတွေကို ထားဝယ်တွေခေါ်တာ အရှေ့တော။ အရှေ့တောကိုရောက်လာတဲ့လူငယ်တွေတော်တော်များများ တီးကဲနဲ့မကင်းကြ။ ဖထီး၊ ဖထီးကဲဒို၊ တီးကဲ၊ အတီး။ သူ့ကိုဘယ်လိုခေါ်ကြခေါ်ကြ ကွမ်းသွေးတွေတရဲရဲနဲ့ ပါးစပ်ကြီးဖြဲပြုံးပြ၊ သူ့လက်ကြမ်းကြီးတွေနဲ့ဖက်လှဲတကင်းဆွဲ ပုခုံးဖက်ကြ။ မရှိအတူ၊ ရှိအတူ အာဏာရှင်ကိုတော်လှန်ကြ။ ဒိုးတူပေါင်ဖက်၊ သွေးသာဖောက်မသောက်တယ်။ ရဲဘော်ရဲဘက်စိတ်နဲ့ပေါင်းကြ။
တကယ်တော့ ၂၁ ဖေဖော်ဝါရီ အာဏာမသိမ်းခင်နှစ်ပေါင်းများစွာကတည်းက တီးကဲဟာ စစ်အာဏာရှင်စနစ်ကိုနည်းလမ်းပေါင်းစုံနဲ့တော်လှန်ရေးဆင်နွှဲနေတဲ့သာမန်ပြည်သူလူထုကြားက ကရင်ကြီးတစ်ဦးဖြစ်ခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့နှိပ်စက်ကလူပြုမှုကိုကျောကော့နေအောင်ခံခဲ့ရ၊ ခံနေရတဲ့ နယ်စပ်တစ်လျှောက်ကပြည်သူလူထုနဲ့အတူ နှစ်ပေါင်းများစွာဒူးမထောက်၊ လက်မမြှောက်၊ ရသမျှခွန်အားနဲ့ တွန်းလှန်လာသူတွေထဲက တစ်ဦးပါ။
သာပေါင်းညာစားတွေကြီးပွားသွားခဲ့ပေမယ့် စောကဲဒိုတစ်ယောက် မိုးခါးရေမသောက်ခဲ့။ မိသားစုနဲ့အတူရုန်း၊ တောင်ယာတစ်ခွင်မှာ လူထုနဲ့တရုန်းရုန်းအလုပ်လုပ်၊ ကွမ်းသီးခူး၊ သီဟိုဠ်စေ့ကောက်၊ ဘယ်သူတွေအရောင်ပြောင်းပြောင်း စောကဲဒိုကတော့ ဝဥပဲရောင်းပြီးထမင်းစားခဲ့သူ။
၂၀၀၈ နောက်ပိုင်းမှာ မြန်မာစစ်တပ်က ထိုင်းကလူလည်စီးပွားရေးသမားတွေနဲ့ပေါင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းကြီးဆောက်မယ်ဆိုပြီး လေထဲတိုက်အိမ်တွေဆောက်ပြတော့ ဦးဆုံးဒုက္ခရောက်တာက စောကဲဒိုတို့အရှေ့တောကရင်လူထု။ သီဟိုဠ်ခြံတွေထဲ ဘုမပြောဘမပြော မောင်းဝင်လာတဲ့ဘူဒိုဇာတွေရှေ့က လူထုကိုယ်စားရှေ့ထွက်ရပ်ခဲ့တဲ့ လက်တစ်ဆုပ်စာလူတွေထဲမှာ စောကဲဒိုက ခေါင်းဆောင်။
ထားဝယ်နယ်က လူထုလှုပ်ရှားမှုခေါင်းဆောင်တွေ၊ သတင်းထောက်တွေနဲ့ စောကဲဒို နည်းလမ်းရှာပြီး နင်းပြားပြည်သူတွေကိုယ်စား အသံထွက်ပေး၊ မိသားစုအရေးကို နောက်ပို့ထားပြီး လူထုဒုက္ခမရောက်ရေးကို ဦးစားပေးခဲ့သူ။ မြန်မာပြည်တနံတလျား အကူအညီရလိုရငြားခြေဆန့်၊ မကျွမ်းကျင်တဲ့ စီးပွားရေးဥပဒေ လုပ်ထုံးလုပ်နည်းတွေကိုလေ့လာ၊ တစ်ဖက်မှာလည်းလူထုကို ပညာပေး၊ စည်းရုံး၊ တွဲခေါ်၊ သွားပုပ်လေလွင့်ပြောသူတွေရန်ကလည်း ဝေးဝေးရှောင်ဖို့ကြိုးစားခဲ့ရသေးတယ်။
မိုင်ထောင်ချီခရီးတွေကို မြေပြင်ဝေဟင်နည်းတွေနဲ့ စောကဲဒိုသွားခဲ့တဲ့ တော်လှန်ရေးခရီးဟာ စာရင်းတို့ရရင် အရှည်ကြီးဖြစ်နေလိမ့်မယ်။ ထိုင်းနိုင်ငံက အရပ်ဘက်လှုပ်ရှားသူတွေကြားမှာလည်း တီးကဲဟာ စံနမူနာယူစရာ လူထုခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ သူဟာ နှိမ့်ချစွာသင်ယူတတ်သူတစ်ဦးဖြစ်သလို သူ့ဆီကလေ့လာလိုသူတွေအပေါ်ကိုလည်း စိုးစဉ်းမျှ မမောက်မာခဲ့။ ပကတိအရိုးခံစိတ်ရှိသူ။
စောကဲဒိုနှစ်နှစ်ကာကာယုံကြည်တဲ့အထဲမှာ အောက်ခြေပြည်သူလူထုရဲ့အသံဟာ မူဝါဒရေးဆွဲသူတွေနားထဲကိုရောက်မှ ဒီမိုကရေစီခရီးပေါက်မယ်ဆိုတာပါတယ်။ ဒါကြောင့်ပဲ ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းသစ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနဲ့ဝင်အရွေးခံခဲ့တယ်။ အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်းအရ လွှတ်တော်ထဲကိုရောက်မလာနိုင်ခဲ့ပေမယ့် သူ့ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ ပိုင်းဖြတ်နိုင်မှုကိုတော့ လေးစားရပါမယ်။
လူမျိုး၊ ကိုးကွယ်ရာဘာသာနဲ့ နောက်ခံအယူအဆတွေ ဘယ်လိုပဲမတူကြပါစေ၊ ယဉ်ကျေးပြီးသဟဇာတဖြစ်တဲ့ လူမှုအသိုက်အဝန်းတစ်ခုကိုတည်ဆောက်ကြတဲ့နေရာမှာ အချင်းချင်းဟာ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ထားပြီး ကူညီရိုင်းပင်းကြရမယ်ဆိုတဲ့ လမ်းကို တီးကဲက ကျွန်တော်တို့ကိုပြခဲ့ပါတယ်။ အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြခဲ့တာပါ။
သမိုင်းဟာ လူတစ်ယောက်ရဲ့ကောင်းခြင်းဆိုးခြင်းကို အဲဒီလူအသက်ရှင်နေတုန်း ဘာတွေလုပ်ခဲ့သလဲဆိုတဲ့ပေတံနဲ့တိုင်းတယ်ဆိုရင် ဖထီးကဲဒိုဟာ လူကောင်းတစ်ယောက်ပါ။ တော်ပြီးကောင်းတဲ့ လူတော်လူကောင်းပါ။ အချစ်တွေနဲ့ပါ တီးကဲရေ။ အလွမ်းတွေနဲ့ပါအတီးရေ။ ထားဝယ်တို့ရဲ့ ချစ်ကရင်ကြီး . . . တီးကဲရေ ကိုယ်တော်ရဲ့ရင်ခွင်မှာ ငြိမ်းချမ်းစွာအိပ်စက်ပါတော့။
မောင်လေးငယ်







