ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးမြောက်ပိုင်းတွင် မိုင်းနင်းမိမှုများကြောင့် ဥယျာဉ်ခြံသွားရန် ဒေသခံများ စိုးရိမ်

January 24, 2026

Photo-AFP

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသတွင် မြေမြှုပ်မိုင်း နင်းမိသဖြင့် ထိခိုက်ဒဏ်ရာ ရသည့် ဖြစ်ရပ်များကြောင့် ဥယျာဉ်ခြံသို့ သွားလာရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။

ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၃ ရက်က အသက်ကြီးပိုင်း အမျိုးသားတစ်ဦး တောထဲသွားစဉ် လမ်းတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

အာယုတောင်ကျေးရွာအနီးတွင်ပင် ဇန်နဝါရီလ ၁၅ ရက်က ဥယျာဉ်ခြံသို့သွားသည့် လူငယ်အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။

အများပြည်သူ သွားလာနေအသုံးပြုနေသည့် လမ်းနှင့် ဥယျာဉ်ခြံတို့တွင် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုများ ဖြစ်နေသည့် အတွက် ဒေသခံများ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

“ကျွန်မတို့ဒေသက အဓိက ခြံပဲ လုပ်ကြတာများတယ်လေ။ အခု မိုင်းထိနေတာတွေက ခြံသွားရင်း လမ်းမှာ နင်းမိတာဆိုတော့ ခြံမသွားရဲကြဘူး။ မိုင်း ရှိ မရှိဆိုတာ ကိုယ်လည်း သိတာမဟုတ်ဘူးလေ။ ကျွန်မတို့မှာ အမျိုးမျိုးကြောက်နေရတယ်။ အဖမ်းခံရမှာလည်း ကြောက်ရ၊ တိုက်ပွဲလည်း ကြောက်ရ၊ အခုဆို မိုင်းပါ ကြောက်နေရတော့ ဘာမှ လုပ်စားလို့မရတော့ဘူး” ဟု ရေးမြောက်ပိုင်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အာယုတောင် ကျေးရွာအနီးတစ်ဝိုက်တွင် စစ်အာဏာရှင်တပ် ခမရ ၅၈၇၊ ခမရ ၃၄၃ တပ်ရင်းများ အခြေစိုက်တပ်စွဲထားပြီး ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့များလည်း သွားလာလှုပ်ရှားမှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလောတွင်လည်း စစ်အာဏာရှင် စစ်ကြောင်းနှစ်ကြောင်း ရေးမြို့နယ် မြောက်ပိုင်းကို ဝင်ရောက်နေပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဘီးလင်းမြို့နယ်တွင်လည်း ရန်ကုန်-မော်လမြိုင်ကားလမ်းအပါအဝင် အများပြည်သူ အသုံးပြုသွားလာနေသည့် ရွာချင်းဆက် လမ်းပိုင်း၊ ကျေးရွာလမ်းပိုင်းတို့တွင် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခြင်း၊ မြေမြှုပ်မိုင်း တွေ့ရှိခြင်းတို့ မကြာခဏ ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက် ဖြစ်ပွားခဲ့လာပြီး အထူးသဖြင့် စစ်ရေးပြင်းထန်နေသည့် ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောမြို့နယ်အတွင်းက ဒေသခံပြည်သူများ မြေမြှုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြသည်။

လက်လှမ်းမီသမျှ စုဆောင်းထားသည့် အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု သေဆုံး၊ ထိခိုက်ဒဏ်ရာရသည့်ဖြစ်စဉ် အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။