ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တောနှင့် သရက်ချောင်း လေယာဉ်ဗုံးကြဲမှု အမျိုးသမီးတစ်ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပျက်စီး

September 18, 2025

ပုံစာ - စစ်အာဏာရှင်တပ် ဗုံးကြဲလေယာဉ်တစ်စီး (ပုံဟောင်း)

ထားဝယ်အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ်ကို စစ်အာဏာရှင်တပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေသခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ထိခိုက်ပျက်စီးကြောင်း တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူအချို့နှင့် ဒေသခံများက ပြောသည်။

ထားဝယ် အရှေ့တောဒေသ ပကာရီရွာ ကျားခုန်အိုင်ဘုန်းကြီးကျောင်းနှင့် ရေဝိုင်းရွာဘက်ကို စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၁၇ ရက်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျားခုန်အိုင်ဘုန်းကြီးကျောင်း အမိုးအကာများ ပျက်စီးကြောင်း ဒေသခံအချို့က ဆိုသည်။

စက်တင်ဘာ ၁၇ ရက်တွင်ပင် သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သဖြင့် စာသင်ကျောင်း ထိခိုက်ပျက်စီးကြောင်း ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“သူဌေး ရော်ဘာခြံမှာ ရော်ဘာလာခြစ်စားတဲ့ အလုပ်သမား အမျိုးသမီးတစ်ဦး ဗိုက်မှာ ရှပ်ထိ ဒဏ်ရာရတယ်။ ကင်းရှေ့ ရော်ဘာခြံထဲ ပုန်းနေရင်း ကျည်စလာစင်တာလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

အလားတူ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာလည်း ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခံခဲ့ရပြီး ယင်းအနက် နှစ်လုံး မပေါက်ကွဲသေးကြောင်း ဥတ္တူရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ရွာမှာတော့ ထိခိုက်မှု မရှိဘူး။ တချို့ဗုံးတွေက ရွာအပြင်ဘက် လယ်ကွင်းတွေထဲကို ကျတာရှိတယ်၊ တချို့ဗုံးတွေက ရွာထဲကိုကျတယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၁၇ ရက် တစ်ရက်တည်းတွင်ပင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံနှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့သည်။

တိုက်ပွဲမရှိဘဲ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထားဝယ်ခရီးစဉ်အတွက် နယ်မြေကြိုရှင်းသည့် သဘောဖြစ်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။