မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား လေးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ထံမှ သိရသည်။
ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာသည့် အင်အား ၂၅၀ ဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၉ ရက်က ခရွဲကျေးရွာအုပ်စု စစ်ကွင်းရွာ အနီးဝန်းကျင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာများထဲတွင် ကျရောက်ပေါက်ကွဲပြီး စစ်ကွင်းရွာက အသက် ၅၀ အရွယ် ဦးစောနောင်၊ ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်မအေးနှင့် မောက္ခမော့ရွာက အသက် ၆၅ နှစ်အရွယ် ဦးအေးသိန်းတို့ သေဆုံးကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဦးစောနောင်၏ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်သက်မိုးအောင်၊ မောက္ခမော့ရွာနေ အသက် ၇၂ နှစ်အရွယ် ဦးခင်စိန်နှင့် အသက် ၁၅ နှစ်အရွယ် မောင်စိုင်းကြယ်စင်တို့လည်း ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့လည်း ပျက်စီးကြောင်း ဖော်ပြသည်။
ယင်းအပြင် အခိုင်ကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးကြက်ဥဆိုသည့် ဒေသခံတစ်ဦးကိုလည်း စစ်အာဏာရှင်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
“စစ်ကြောင်းတွေ ဝင်လာလို့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ အဲဒီနားတစ်ဝိုက်က ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွာထဲကို ပစ်တာ။ ပစ်ပြီးတော့ ရွာထဲကို ဝင်လာတယ်။ တွေ့တဲ့လူကို ပစ်သတ်တယ်။ အိမ်တွေကိုလည်း မွှေနှောက်၊ မီးရှို့သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဖေဖော်ဝါရီလ ၇ ရက်က စစ်အာဏာရှင် ခမရ-၂ နှင့် ခလရ-၈ ပူးပေါင်း စစ်ကြောင်း အင်အား ၂၀၀ ခန့်သည် ဖိုးဝါးသိမ်ရွာနှင့် ညောင်ထောက်ရွာကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ထို့နောက် စစ်အာဏာရှင် စစ်ကြောင်းသည် ညောင်ထောက်ရွာနှင့် အလူကြီးရွာထဲဝင်ပြီး နေအိမ်များကို ဖောက်ထွင်း မွေနှောက်ကာ ငွေ၊ ဖုန်း၊ ဆိုင်ကယ်၊ အိမ်အသုံးအဆောင်ပစ္စည်းများ ယူဆောင်ပြီး နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်ထိ ထိုစစ်အာဏာရှင်စစ်ကြောင်းသည် ဖိုးဝါးသိမ်ရွာထဲ ဝင်ရောက်တပ်စွဲထားဆဲ ဖြစ်ကြောင်း KNU ထံမှ သိရသည်။
စစ်အာဏာတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ခရွဲကျေးရွာ အုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း ၁၉ ရွာ အိမ်ခြေ ၃၀၀၀ နီးပါးက လူဦးရေ ၁၃၀၀၀ နီးပါးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း KNU က ထုတ်ပြန်ထားသည်။







