ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မနက်ဖြန်ထိုးမယ်ပွဲအတွက် အသင့်ဖြစ်ပြီ၊ အလဲထိုး အနိုင်ယူပြမယ်လို့ အောင်လအန်ဆန်းဆို

January 13, 2023

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းက မနက်ဖြန်(ဇန်နဝါရီ ၁၄) မနက်မှာ ထိုးသတ်ရမယ့် ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအိုနဲ့ ပွဲစဉ်အတွက် သူ့ဘက်က အားလုံး အဆင်သင့်ပြင်ထားပြီးပြီလို့ ပြောကြားလိုက်ပါတယ်။

အောင်လအန်ဆန်း ဟာ ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်အလိုကိုရောက်မှ ပြိုင်ဘက်ပြောင်းလဲမှုကို ရင်ဆိုင်လိုက်ရပြီး သူနဲ့ထိုးသတ်ဖို့ စီစဉ်ထားသူ တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်းက ကိုဗစ်-၁၉ ကူးစက်ခံထားရလို့ ဖန်ရောင်းရဲ့နေရာမှာ ဂယ်လ်ဗာအိုက အောင်လအန်ဆန်းရဲ့ ပြိုင်ဘက်အဖြစ် အစားဝင်လာခဲ့တာဖြစ်ပါတယ်။

ဂီလ်ဘာအိုက မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်ဖို့အဆင်မပြေတဲ့အတွက် သူ့အနေနဲ့ CATCHWEIGHT တန်းကို တက်ထိုးလိုက်တာဖြစ်ကြောင်းလည်း အောင်လအန်ဆန်း ပြောကြားသွားခဲ့ပါတယ်။

ပထမစီစဉ်ထားတဲ့ ဝိတ်တန်းထက် CATCHWEIGHT တန်းက ၁၀ ပေါင် ပိုပေမယ့် သူ့ရဲ့ကိုယ်အလေးချိန်က ၂၁၅ ပေါင် ရှိနေတဲ့အတွက် CATCHWEIGHT တန်းဆီ တက်ထိုးဖို့ အဆင်ပြေခဲ့တယ်လို့ အောင်လအန်ဆန်းက အသိပေးခဲ့ပါတယ်။

သူ့အနေနဲ့ လိုက်ဝိတ်တန်းမှာတောင် ထိုးသတ်ခဲ့ဖူးတဲ့အတွက် အခုထိုးသတ်ရမယ့် CATCHWEIGHT တန်းအတွက်က အရာရာ အဆင်ပြေတယ်လို့ အောင်လအန်ဆန်းက ရှင်းပြသွားခဲ့ပါတယ်။

သူဟာ ပရိသတ်ချစ် ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ ဂယ်လ်ဗာအိုကို အလဲထိုးအနိုင်ယူဖို့ပဲ ရည်ရွယ်ထားတယ်လို့ အောင်လအန်ဆန်းက ပြောပြသွားခဲ့ပါတယ်။

“ဂယ်လ်ဗာအိုက ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုင်းမှာ အားကောင်းတယ်။ ဂျူဂျစ်ဆုမှာ ခါးပတ်နက် ရထားတဲ့သူဖြစ်တယ်။ ခွန်အားသုံးပြီး ကစားတဲ့ဘက်မှာ၊ အားပါတဲ့ တိုက်ခိုက်မှုတွေကို ထုတ်သုံးတဲ့ဘက်မှာ အရမ်းကောင်းတယ်။ ကျွန်တော် မြေပြင်အခြေအနေကို အရာရာ သုံးသပ်လေ့လာပြီးပါပြီ။ ဒီပွဲအတွက် ပြင်ဆင်သင့်စရာ အရာရာကိုလည်း ပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော် သူ့ကို ကောင်းကောင်းကြီး ယှဉ်ထိုးနိုင်ပါတယ်။ ကျွန်တော့်ရဲ့လက်ရှိအခြေအနေတွေက သူ့ထက် သာနေပြီးသားပါ”လို့ အောင်လအန်ဆန်းက အသိပေးသွားခဲ့ပါတယ်။

Photo – MMA Underground