ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ကိုင်ဆောင်ထည့် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲထုတ်ပေးနေသောဌာနဖြစ်သည့် ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (TDCC) ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ TDCC ဌာနကို လာမည့် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ခေတ္တပိတ်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြသည်။
TDCC ဌာနသည် CI စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအတွက် နိုင်ငံသား အထောက်အထားများ ဖြစ်သည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြည့်စုံပါက နိုင်ငံကူးလက်မှတ် (PJ) စာအုပ်ကို ပြောင်းလဲထုတ်ပေးနေသော ဌာနခွဲတစ်ခု ဖြစ်သည်။
ယခု TDCC ဌာနခွဲကို ခေတ္တပိတ်သိမ်းလိုက်သဖြင့် CI စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲလျှောက်ထားခွင့် ယာယီဆိုင်းငံ့နေမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် TDCC ဌာန ခေတ္တရပ်နားရသည့်အကြောင်းအရင်းကို ဖြေကြားပိုင်ခွင့်မရှိဘဲ စာအုပ်ပြောင်းလဲရန် စီစဉ်ထားသော မြန်မာအလုပ်သမားများအနေဖြင့် ခေတ္တစောင့်ဆိုင်းကြရန် ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိက ပြောသည်။
“လက်ရှိကတော့ ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာလည်း မသိရသေးဘူးပေါ့နော်။ စာအုပ်လဲဖို့ရှိနေတဲ့သူတွေကတော့ ညွှန်ကြားထားတဲ့အတိုင်း ခဏစောင့်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု မြန်မာအလုပ်သမား သံအရာရှိက ပြောဆိုသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ယူရန် ကျန်ရှိနေသော မြန်မာအလုပ်သမားများအနေဖြင့် နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ လာရောက်ထုတ်ယူကြရန် မြန်မာအလုပ်သမား သံအရာရှိရုံးက အသိပေးထားသည်။
သက်တမ်းကုန်ဆုံးတော့မည့် CI စာအုပ်များအတွက်မူ CI စာအုပ်အသစ်သို့ သက်တမ်းတိုးလုပ်ငန်းစဉ်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ကြေညာထားသည်။







