ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ ကလေးမွေးဖွားရန် သွားစဉ် တက္ကစီပေါ်တွင် ကလေးမွေးဖွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာအမျိုးသမီးသည် နိုဝင်ဘာလ ၉ ရက် ည ၇ နာရီခွဲခန့်က နေထိုင်ရာ ဘန်ဘောနယ်မြေမှတစ်ဆင့် တာခ့်ဆင် ဆေးရုံကြီးသို့ ကလေးမွေးဖွားရန်သွားစဉ် ဆေးရုံနှင့် မီတာ ၅၀၀ ခန့်အကွာ၌ ကားပေါ်တွင် ကလေးမွေးဖွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ကလေးမွေးဖွားပြီးနောက် တာခ့်ဆင်ဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ ဖုန်းဆက်အကူအညီတောင်းခံခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။
အရေးပေါ်အဖွဲ့ ရောက်ရှိလာပြီး ကလေးကို အနှီးများဖြင့် နွေးထွေးအောင်ပြုလုပ်ကာ မိခင်၏ လက်ပေါ်တွင်နေစေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ယင်းနောက် ကလေးနှင့် မိခင်ဖြစ်သူတို့ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြပြီး ကလေးနှင့် မိခင်နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ဆိုသည်။
တက္ကစီကားနံပါတ်မှာ 4557 ဖြစ်ပြီး ထိုင်းထီဝါသနာရှင်များကြား ရေပန်းစားလျက်ရှိနေသည်။
ပြီးခဲ့သော မေလကလည်း ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင်တွင် မြန်မာကိုယ်ဝန်သည်တစ်ဦးသည် ဗိုက်နာလာသဖြင့် ဆေးရုံပို့စဉ် အရေးပေါ်ကားပေါ်တွင် ကလေးမွေးဖွားခဲ့သေးသည်။
Ref: Khaosod, Mcot, CH 8, Siamrath







