မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကို အောက်တိုဘာလ ၉ ရက်နေ့ည (မနေ့ည)က စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြာင့် ကလေးအပါအဝင် ၅ ဦး သေဆုံးပြီး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့်က စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဉ်းမပင်ဆိပ်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးများမှာ ကျေးရွာအတွင်းရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲပြီး ကလေး ၄ ဦး၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေးများအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ထက်မနည်း ရှိခဲ့သည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရယ်စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရသည်။
“ညပိုင်းဆိုတော့ လူတွေက အိမ်ထဲမှာပဲ ရှိနေကြတယ်လေ။ ၈ နာရီကျော်ကျော်လောက်မှာ အဲအချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ အိမ်တွေပေါ်ကျတယ်။ အိမ်တွေလည်း တစ်စစီဖြစ်သွားတယ်။ ကလေးတွေရော လူကြီးတွေရော အကုန်ထိသွားတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ကလေးများသည် အသက် ၇ နှစ်ကနေ ၁၂ နှစ်ကြား ကလေးများဖြစ်သည်ဟုလည်း သိရသည်။
စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပျဉ်းမပင်ဆိပ်ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဒေသကြား တည်ရှိသည့် ကျေးရွာဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဒေသ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု ချမ်းမြေ့ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပိန္နဲကုန်းကျေးရွာထဲကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး သံဃာတော်များအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ KNU တပ်မဟာ (၁)၏ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာထဲကိုလည်း စစ်ကော်မရှင်တပ်က ၂၀၂၅ ခုနှစ်အတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် ဒေသခံပြည်သူများလည်း ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။







