ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကလေးထိန်းထံထားခဲ့သော မြန်မာလုပ်သား၏ အသက် ၂ နှစ်အရွယ်ကလေး သေဆုံး

March 3, 2026

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင် ဘန်းစောင်ထုံဒေသတွင် မြန်မာကလေးထိန်းတစ်ဦးထံ အပ်ထားခဲ့သော မြန်မာအလုပ်သမားတစ်ဦး၏ ကလေးမှာ မတော်တဆမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မတ်လ ၂ ရက်နေ့က မြန်မာကလေးငယ်သည် စမွတ်ပရကန်ဆေးရုံကြီးတွင် ဒဏ်ရာများကို ဆေးကုသနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမား မကြူကြူမွှေးက မြန်မာကလေးထိန်းဖြစ်သော မနီနီအေးထံတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို အပ်ခဲ့၍ အလုပ်ဆင်းလေ့ရှိကြောင်း အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြန်မာကလေးထိန်း အမျိုးသမီးသည် ကြမ်းတိုက်ပြီး၍ ရေချိုးနေချိန် အပ်နှံထားသော အသက် ၂ နှစ်အရွယ် ကလေးငယ်ကို သားသမီးဖြစ်သူများနှင့်အတူ ထားရှိခဲ့ကြောင်း WAG အဖွဲ့ကထံမှ သိရသည်။

သားသမီးများနှင့် ထားရှိချိန် ကလေးငယ်သည် မတော်တဆမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြန်မာကလေးထိန်းက ဘန်းဘိုဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

ကလေးအခြေအနေက စိုးရိမ်ရသဖြင့် ဘန်းဘိုဆေးရုံမှတစ်ဆင့် စမွတ်ပရကန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သော်လည်း ဆေးကုသနေရင်း ခြောက်ရက်အကြာတွင် ကလေးငယ် သေဆုံးသွားခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“ကလေးက ဦးခေါင်းဒဏ်ရာနဲ့ အသက်ရှူကြပ်တဲ့ လက္ခဏာတွေကြောင့် ဆုံးသွားရတယ်လို့ ဆရာဝန်တွေဘက်က ပြောပါတယ်” ဟု WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

ကလေးငယ်က လှေကားပေါ်မှ ပြုတ်ကျပြီး ဆပ်ပြာရည်လည်း သောက်မိထားသည်ဟု ကလေးထိန်း၏ သားသမီးများကို မေးမြန်းစဉ် ဖြေကြားခဲ့ကြောင်း ကိုမုန်တိုင်းက ပြောသည်။

ဆေးရုံတွင် ကလေးငယ်ကို ဆေးကုသနေချိန် မြန်မာကလေးထိန်းက ဆေးကုသမှု စရိတ်အားလုံးကို ကျခံပေးမည်ဟု ပြောဆိုထားသော်လည်း ကလေးငယ် သေဆုံးသည်ကို ကြားသိပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

ကလေးငယ်သေဆုံးမှုနှင့် ပတ်သက်၍ ထွက်ပြေးသွားသော မြန်မာကလေးထိန်းဖြစ်သူ မနီနီအေးကို ဖမ်းဆီးနိုင်ရေး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားနိုင်ရန် မိခင်နှင့်အတူ WAG အဖွဲ့က ကူညီဆောင်ရွက်ပေးနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသွားသော ကလေးငယ်၏ မွေးစာရင်းအချက်အလက်နှင့် ဆေးစစ်ချက် မရရှိသေးသဖြင့် ကလေးငယ်၏အလောင်းမှာ ဆေးရုံတွင် ရှိနေဆဲဖြစ်ပြီး ရဲစခန်းတွင် တိုင်ကြား၍ မရသေးကြောင်း WAG အဖွဲ့က ပြောသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများသည် ကလေးငယ်များကို ထိုင်းအစိုးရက တရားဝင် ဖွင့်ထားသော ကလေးထိန်းကျောင်းများတွင်သာ အပ်နှံကြရန်အတွက် WAG အဖွဲ့က တိုက်တွန်းထားသည်။