ဟိုတယ်ထားဝယ်ပိုင်ရှင်ထံမှ သိမ်းလိုက်သော ဘတ်သန်း ၁၈၀၀ မှ ၃၀ ရာခိုင်နှုန်းကို ရဲနှင့်သတင်းပေးတို့အား ပေးမည်

0
6654

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီးနောက် ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံ(သန်း ၁၈၀၀) တန်ဖိုးရှိသော သူ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin က ပြောကြားလိုက်သည်။

ယင်းသိမ်းဆည်းရမိခဲ့သော ပိုင်ဆိုင်မှုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၄၆၄ သန်း) ကို အမှုစုံစမ်းစစ်ဆေးစဉ်တွင် ပါဝင်ခဲ့သော ထိုင်းရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းမိရန် သတင်းပေးခဲ့သူများကို ၅ ရာခိုင်နှုန်းခွဲဝေ ချီးမြင့်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးက ပြောကြားထားသည်။

စုံစမ်းဖော်ထုတ်မှုများကို ထိုင်းနိုင်ငံ မြို့တော်ရဲဌာန Metropolitan Police Bureau (MPB) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ရုံး Office of Narcotics Control Board (ONCB) တို့နှင့်အတူ သက်ဆိုင်ရာဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုခဲ့သည်။

မြန်မာစစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ဟိုတယ်ထားဝယ် (Hotel Dawei) ပိုင်ရှင် ဒေါက်တာထွန်းမင်းလတ်၏ ငွေကြေးခဝါချစီးဆင်းမှုများကို ထိုင်းအာဏာပိုင်များမှ ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံမိခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်း MPB ၏ ရဲမှူးချုပ် Nitithorn Jintakanon က ပြောကြားခဲ့သည်။

စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဒေါက်တာထွန်းမင်းလတ်နှင့်အတူ ထိုင်းနိုင်ငံသား ၃ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့ပြီး ၎င်းတို့နှင့်အတူ ဘတ်ငွေ သန်း ၂၀၀ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အထောက်အထားအဖြစ် ထိုင်းရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့သည်။

လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချစားမှု စသောစွတ်စွဲချက်များဖြင့် စွဲချက်တင်ထားခဲ့ခြင်းဖြစ်သည်။

MPB က သိမ်းဆည်းခဲ့သည့် ဒေါက်တာထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများတွင် ငွေသား၊ တန်ဖိုးကြီးဇိမ်ခံပစ္စည်းများ၊ ကား၊ ဟိုတယ်နှင့် အပန်းဖြေနေရာများ ပါဝင်ခဲ့ပြီး ဘတ် ၁ဒသမ၈ ဘီလီယံခန့် (ဘတ်သန်း ၁၈၅၈ ခန့်) ရှိကြောင်း ရဲမှူးချုပ် Nitithorn က ပြောကြားထားသည်။

ဒေါက်တာထွန်းမင်းလတ်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိပါက သူ၏ အခွန်ဆောင်မှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးပြီး အခြားနည်းလမ်းများမှတစ်ဆင့် သိမ်းဆည်းသွားနိုင်ဖို့ သက်သေပြရန် MPB က စီစဥ်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေါက်တာထွန်းမင်းလတ်နှင့် စီးပွားရေးမိတ်ဖက်များအဖြစ် ယူဆထားသော နောက်ထပ် ထိုင်းနိုင်ငံသား နှစ်ဦးမှာ ယခုအချိန်တွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးမှ ပြောကြားခဲ့သည်။

အသက် (၅၃) နှစ်အရွယ် ဒေါက်တာထွန်မင်းလတ်သည် အာဏာသိမ်း မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်ပြီး စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူ ထောက်ပံ့ပေးနေသူဖြစ်ကြောင်း ထိုင်းနိုင်ငံ မြို့တော်ရဲဌာန MPB ကနေ အခိုင်အမာပြောကြားထားသည်။

ဒေါက်တာထွန်းမင်းလတ်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် လုပ်ဖော်ကိုင်ဘက်များ ဖြစ်ကြကာ မောင်းသူမဲ့လေယာဉ် UAV အပါအဝင် အစ္စရေးနိုင်ငံနှင့် တရုတ်နိုင်ငံမှ လက်နက်များ ၀ယ်ယူပေးနေသော မြန်မာစစ်တပ်၏ လက်နက်ပွဲစားတစ်ဦး ဖြစ်ကြောင်း Justice For Myanmar မှ ထုတ်ပြန်ထားသည်။

Allure Group နှင့် Star Sapphire Group စသော ကုမ္ပဏီများမှတဆင့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများတွင်လည်း စစ်ကောင်စီနှင့် ချိတ်ဆက်လုပ်ကိုင်နေကြောင်း Justice For Myanmar မှ ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ဒေါက်တာထွန်းမင်းလတ်သည် ထိုင်းအထက်လွှတ်တော်အမတ်တို့နှင့် တွဲဖက်လုပ်ကိုင်နေသော Allure Group ကုမ္ပဏီ၏ ငွေကြေးခဝါချမှုဖြင့် ထိုင်းရဲတပ်ဖွဲ့မှ စွဲချက်တင်ထားပြီး ၎င်း၏ Star Sapphire Group ကုမ္ပဏီကိုလည်း လက်နက်ပွဲစားလုပ်မှုနှင့် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ယူကေမှ ဒဏ်ခတ်ပိတ်ဆို့ထားကြောင်း Justice For Myanmar မှ ထုတ်ပြန်ထားသည်။

ဒေါက်တာထွန်းမင်းလတ်၏ Star Sapphire Hotel Co.,Ltd သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ထားဝယ်မြို့ ဗျောတောဝရပ်ကွက်ရှိ မြေဧရိယာ ၄ ဧက နီးပါးပေါ်၌ B.O.T စနစ်ဖြင့် Hotel Dawei ကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ငှားရမ်းလုပ်ပိုင်ခွင့်ရရှိခဲ့သည်။

 မြေငှားရမ်းကာလသည် နှစ် ၃၀ ဖြစ်ပြီး နောက်ထပ်သက်တမ်း ထပ်မံတိုးခွင့်ရှိကာ ကုမ္ပဏီမှ မြေနေရာအသုံးပြုခအနေဖြင့် တစ်လလျှင် မြန်မာငွေကျပ် ၁ သန်းသာ ပေးချေရကြောင်း Justice For Myanmar မှ ထုတ်ပြန်ထားသည်။