ဂျင်းပဋိပက္ခ

0
357
ပုလောမြို့နယ်, ဂျင်းမွေးမြူရေးလုပ်ငန်း

ပုလောမြို့နယ်အတွင်း ဂျင်းမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်များအကြား ပဋိပက္ခအသွင်ဆောင်နေသည်။

တိုရွာနှင့် ပိတက်ကျေးရွာအပိုင်နေရာတွင် ဒေသခံလုပ်ငန်းရှင် ၁၅ ဦးက တစ်ဦးလျှင် ဧက ၃၀ စီဖြင့် စုစုပေါင်း ဧက ၄၅၀ တွင် လုပ်ကိုင်ခွင့်ရထားသည်။

ယင်းနေရာတို့တွင် ဒေသခံများနှင့် အငြင်းပွားမှုများရှိနေခြင်းဖြစ်သည်။
လက်ရှိအနေအထားတွင် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်အထိ မကျေလည်မှုများရှိလာခဲ့သည်။

လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရထားသည့် ဂျင်းမွေးမြူရေးဧရိယာအတွင်း ဒေသခံများက ဂျင်းအတင်းဝင်ကောက်သည်ဟု အမှုဖွင့်ထားခြင်းဖြစ်သည်။

ဒေသခံများကမူ ယင်းလုပ်ခွင့်ရ ဧရိယာမှာ သဘာဝအတိုင်းပင် ဂျင်းပေါများစွာထွက်ရှိသည့်နေရာဖြစ်ပြီး လုပ်ငန်းရှင်က လက်ဝါးကြီးအုပ်ပြီး ဒေသခံများ လုပ်ကိုင်စားသောက်ခြင်းကို တားဆီးလုပ်ကိုင်လာခြင်းသာဖြစ်ကြောင်း လက္ကူးကျေးရွာနေ ဦးစန်းဦးက ဆိုသည်။

“လိုင်စင်အပြတ်ဆွဲပြီးတော့ ရွာသားတွေကို နှင်ထုတ်ပစ်တယ်ခင်ဗျား။ ရွာသား တွေမှာအခုတော့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

ဂျင်းကောက်ယူနိုင်သည့် ဒီရေ အတက်အကျရှိသည့်နေရာတွင် လုပ်ကိုင်စားသောက်ခွင့်မရတော့သည့်အတွက် ဒေသခံများ၏ ဝင်ငွေထက်ဝက်ခန့် ကျသွားကြောင်း ယင်းကျေးရွာနေ ဦးစိုးပိုင် က ဆိုသည်။

ဂျင်းမွေးမြူရေးလုပ်ငန်းရှင်မှ ၎င်းတို့ဧရိယာကို ဝါးလုံးများခြံခတ်ထားသည့်အတွက် ရှာဖွေစားသောက်ခွင့် မရတော့သည့်အပြင် ယင်းဧရိယာအတွင်းမှ ဖြတ်သန်းခွင့်ပင်မရတော့ကြောင်း ၎င်းက ပြောသည်။

လုပ်ခွင့်ရ ဒေသခံလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်ညွန့်ကမူ ၎င်းတို့ လုပ်ခွင့်ရနေရာမှာ သဘာဝအလျောက် ပေါများနေသည့် နေရာ (ဂျင်းကုန်း) မဟုတ်ဘဲ ဒေသခံများနှင့် မြိတ်မြို့မှ ဝယ်ယူထားသည့် ဂျင်းသားပေါက်များ ထည့်သွင်းမွေးမြူထားခြင်းဖြစ်သလို ဝါးလုံးများဖြင့် ခြံခတ်ထားမှုသည် နေရာအားလုံးမဟုတ်ဘဲ ဧက ၇၀ ဝန်းကျင် သာရှိကြောင်း ပြောသည်။

ထို့အပြင် ဂျင်းသားပေါက်မွေးမြူခြင်းအတွက် ငွေကျပ်သိန်း ၈၀ဝ ခန့် ရင်းနှီးထားရပြီး ဂျင်းမွေးထားသည့် နေရာကို ဒေသခံများက လှေသုံးစင်းဖြင့် လာရောက်ပြီး လာရောက်ဖျက်ဆီးခဲ့သည် ဟု ဦးကျော်ညွန့်က ဆိုသည်။

“သူတို့တွေက ဂျင်းသားပေါက်တွေ ကြဲပြီးမွေးထားတယ်ဆိုတာ သိတယ်။ နောက်ဆုံး ဖျက်လိုဖျက်ဆီးလုပ်တာပေါ့။ ဂျင်းကန်ကိုလေ” ဟု ၎င်းက ပြောသည်။

လက်ရှိဂျင်းမွေးမြူရေးလုပ်ငန်းကို ကန့်ကွက်နေသူများမှာ အခြားရွာများတွင် နေထိုင်သူများသာဖြစ်ပြီး လုပ်ငန်းတည်ရှိရာ တိုနှင့် ငပိတက်ရွာနေ ဒေသခံများက ၎င်းတို့လုပ်ငန်းကို လက်ခံကြောင်း ဦးကျော်ညွန့်က ပြောသည်။

လက္ကူးကျေးရွာအုပ်စုနေ ဂျင်းကောက်ပြီးအသက်မွေးသည့်ဒေသခံများကမူ ယခင်ခေတ်အဆက်ဆက်ကပင် ဂျင်းရှိနိုင်မည့် အဆိုပါနေရာတစ်ကြောတွင် လှည့်လည်လုပ်ကိုင်စားသောက်ကြသည်ဟု ဆိုသည်။

ဂျင်းကောက်ယူစားသောက်ခွင့်နှင့် ပတ်သက်၍ ပဋိပက္ခအသွင်ဖြစ်နေသည့်အတွက် ဒေသခံများက ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဝန်ကြီးထံ တိုင် ကြားစာပေးပို့ထားသည်ဟု ဒေသခံများ က ပြောသည်။

လက်ရှိ အငြင်းပွားနေသည့် ဂျင်း မွေးမြူရေးနေရာအပြင် ဂျင်းထွက်ရှိရာ အခြားနေရာများတွင် လုပ်ငန်းရှင်များက လိုင်စင်လျှောက်ထားသည်ဟု သိရကြောင်း လက္ကူးရွာဒေသခံအချို့က ဆိုသည်။

သို့ဖြစ်ရာ ၎င်းတို့အတွက် ဂျာရှာ ဖွေဖမ်းဆီးရန် နေရာမကျန်တော့မည်ကို စိုးရိမ်နေကြသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ဂျင်းထွက်ရှိရာနေရာများကို လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်မပြုဘဲ ဒေသခံများ၏ စားကျက်နေရာအဖြစ် သတ်မှတ်ပေးရန် လိုလားကြောင်း ဦးစန်းဦးက ဆိုသည်။

“ထပ်လျှောက်လာလို့ အများကြီး ဖြစ်လာပြီဆိုရင် ခိုးစားမှ ရတော့မယ်။ လုစားမှရတော့မယ်။ ဒီလိုဖြစ်လာတော့မယ်။ လုပ်စားစရာမှမရှိတော့တာ” ဟု ၎င်းက ပြောသည်။