နယ်စပ်ခိုးဝင်သူနှင့် KTV ခိုးဖွင့်သူတို့ကို အစိုးရ တင်း

0
485

တနင်္သာရီတိုင်းအတွင်းသို့ တရား မဝင်နယ်စပ်ဝင်ပေါက်များမှ ခိုးဝင်လာသူများနှင့် KTV ခိုးဖွင့်သူများကို သက်ဆိုင်ရာ ဥပဒေနှစ်ခုစီဖြင့် အရေးယူရန် တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ပြီ။

ယင်းကဲ့သို့ ဥပဒေနှစ်ခုစီဖြင့် အရေးယူရန် သြဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်ရန် တရားဝင်နယ်စပ်ဂိတ် လေးခုဖွင့်ထားသော်လည်း လက်ရှိ တွင် တရားမဝင်အပေါက်များမှ ခိုးဝင်နေကြသလို ကိုဗစ်ကပ်ဘေးကာလအတွင်း KTV ဆိုင်များပိတ်ထားရန် မတ်လအတွင်း အစိုးရကညွှန်ကြားထားသော်လည်း ထားဝယ်မြို့ပေါ်ရှိ KTV ဆိုင်ကြီးအချို့မှာ သြဂုတ်လ ၁၃ ရက်ညအထိ ဖွင့်ထားဆဲဖြစ်သည်ကို ကိုယ်တိုင်သွားခဲ့သူများထံမှ သိရသည်။

ထိုကြောင့် သြဂုတ်လ ၁၄ ရက်နေ့မှစကာ တရားမဝင်ခိုးဝင်လာသူများကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအပြင် လဝကအက်ဥပဒေဖြင့်ပါ ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

“ပြည်တော်ပြန်တွေကိစ္စကို ပြည်သူတွေက စိုးရိမ်နေတဲ့အတွက်၊ ဒုတိယလှိုင်းကို မပေါ်လာဖို့အတွက် အတတ်နိုင်ဆုံး ကာကွယ်တားဆီးနိုင်ဖို့ ဒီကိစ္စဆောင် ရွက်ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တရားမဝင်နယ်စပ် ဝင်ပေါက်များမှ ဝင်ရောက်လာသူများကို ကူးစက်ရောဂါကာကွယ်ရေးဥပဒေပုဒ်မ ၁၅ ဖြင့် အရေးယူနေခြင်း ဖြစ်သည်။ ယင်းပုဒ်မမှာ ကျပ်ငါးထောင်ထက် မပိုသည့် ငွေဒဏ်ချမှတ်နိုင်သည်။

ထိုကြောင့် လဝကအက်ဥပဒေဖြင့်ပါ ထပ်တိုးအရေး ယူရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

အလားတူပင် တားမရသည့် KTV ဆိုင်များကို ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေအပြင် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်ကို မလိုက် နာမှုအတွက်ပါ ထပ်တိုး အရေးယူမည်တော့မည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်း က ဆိုသည်။

“ကူးစက်ရောဂါကာကွယ်ရေး ဥပဒေအရ ပြောရမယ်ဆိုတော့ ပြစ်မှုပြစ်ဒဏ်က နည်းတယ်လေ” ဟု ၎င်းက ဆိုသည်။

“အမိန့်နဲ့ညွှန်ကြားချက်ကို မလိုက်နာတဲ့ပြစ်မှုဥပဒေကကျတော့ သူ့ဥပဒေနဲ့သူကတော့ ရှိပြီးသား” KTV များကို ပိတ်ထားရန် မတ်လကတည်းက အစိုးရကညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ ထုတ်ပြန်ချက်ကို ပြည်သူများလိုက်နာစေရန် သက်ဆိုင်ရာဌာနများက ကြပ်မတ်ရေးကိုလည်း ညွှန်ကြား မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် လူ ၂၉ ဦးထက် ပို၍ မစုဝေးရန်ကိုလည်း အစိုးရက အမိန့် ထုတ်ပြန်ထားသည်။