လောင်းလုံး ငွေစုအမှု အစိုးရထံ အကူအညီတောင်း

0
409

လောင်းလုံးမြို့နယ်တွင် တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေသော ငွေစု၊ ငွေချေးလေလံစုမဲ ပြဿနာများ၏ နောက်ဆက်တွဲကိစ္စကို ကူညီဖြေရှင်းပေးရန် တိုင်းအစိုးရအပါအဝင် ဌာနငါးခုကို သြဂုတ်လ ၄ရက်က စာပို့ အကူအညီ တောင်းခံလိုက်သည်။

တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဥပဒေချုပ်၊ တိုင်းလွှတ်တော်မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၊ တိုင်းတရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ လောင်းလုံးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ကိုတစ်ပြိုင်တည်း လိပ်မူတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် အလွန်ရှုပ်ထွေးပြီး ရှင်းပြရန်ခက်ခဲသော ငွေစု၊ ငွေချေး၊ လေလံပြဿနာ တစ်ရပ်လွန်ခဲ့သည့် ကိုးနှစ်ခန့်က ဖြစ်ပွားခဲ့သည်။ လောင်းလုံးမြို့နယ်တရားရုံးတွင်အဆိုပါ လေလံအမှု ပေါင်းထောင်ချီ တရားစွဲဆိုခဲ့ကြသည်။

၂၀၁၈ခုနှစ်စက်တင်ဘာလတွင် အဆိုပါလေလံပြဿနာနှင့် ပတ်သက်ပြီး တရားစွဲခံရသူတို့ဘက်က ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယင်းပြဿနာ တစ်ခန်းရပ်သွားခဲ့သည်။

၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်တွင်မူ တရားမဇာရီအမှုအရ တရားရုံးမှ တစ်ဆင့်ငွေတောင်းခံသည့်အမှု ၁၁ မှု တကျော့ပြန်လည် ဖြစ်ပွားလာခဲ့သည်။

ယင်းပြဿနာစတင်ဖြစ်ပွားစဉ်က လူအချို့အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ သက်ကြီးရွယ်အိုများနေ အိမ်မှဆွဲချခံနေရခြင်း၊ ကျောင်းသားများပညာသင်ကြားခွင့် မရှိသည့်အခြေအနေအထိဖြစ်ပွားခဲ့သောကြောင့် ယခုလည်းယင်းကဲ့သို့ဖြစ်စဉ်များ ဖြစ်ပွားလာမည်ကိုစိုးရိမ်သဖြင့် အကူအညီတောင်းခံခြင်းဖြစ်ကြောင်း လက်မှတ်ထိုးစာပို့ထားသူ ဒေါ်ချစ်မြက ပြောသည်။

“ကျွန်မတို့လုပ်ထားတာက ချေးငှားထားတဲ့ ပိုက်ဆံတွေမဟုတ်ဘူး။ ချေးထားတဲ့ ပိုက်ဆံဆိုရင်တော့ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ လောင်းကစားပုံစံမျိုး၊ တစ်ဖက်သတ်အနိုင်ကျင့်တဲ့ပုံစံမျိုး ဖြစ်နေ တော့ အကူအညီတောင်းရတာပါ” ဟု ဒေါ်ချစ်မြက ဆိုသည်။

လောင်းလုံးမြို့နယ်တရားရုံးမှ ဆင့်ခေါ်ခံထားရသူ ၁၁ ဦး ကိုယ်စား ဒေါ်ချစ်မြ၊ ဒေါ်ဝဏ်ဝင်းတို့နှစ်ဦးက လက်မှတ်ထိုး ကူညီတောင်းခံထားခြင်း ဖြစ်သည်။