မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ပယ်ဖျက်ခံရ

0
607

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA) ကို ဇွန်လ ၁၆ ရက်နေ့တွင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ မှုခင်းသတင်းထောက်များ အသင်းဝင်များက လက်နက်ကိုင်တပ်ဖွဲ့ နှင့် ဆင်တူယိုးမှားဝတ်စုံများ ဝတ်ဆင်ကာ ငွေကြေးတောင်းခံကြောင်း စိစစ်တွေ့ရှိသည့်အတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတင်းမီဒီယာကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာမှုမရှိသည့်အဖွဲ့အဖြစ် ကြေညာခံထားရသည်။

ထိုမှုခင်းသတင်းထောက်အသင်းကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မှတ်ပုံတင်ခွင့်ပြုထားသည့် စာရင်းမှ ပယ်ဖျက်ကြောင်း အကြောင်းကြားလာသည်ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ယင်းသို့ပယ်ဖျက်လိုက်ကြောင်းကို တိုင်းအစိုးရက သက်ဆိုင်ရာခရိုင်များကို ပြီးခဲ့သည့်အပတ်တွင် အကြောင်းကြားလာသည်ဟု ၎င်းက ပြောသည်။

ထိုကြောင့် မြို့နယ်အသီးသီးကိုလည်း ထပ်ဆင့်အသိပေး အကြောင်းကြားထားသည်ဟု ဦးအောင်စိုးမိုးက ဆိုသည်။

“ဆက်လုပ်နေရင်တော့ အသင်းအဖွဲ့စည်းမျဉ်း ဥပဒေအရပဲ အရေးယူမှာ ပေါ့နော်” ဟု ဦးအောင်စိုးမိုးက ပြောသည်။

မှုခင်းသတင်းထောက်ဆိုသူအချို့က အမှုပွဲစားလုပ်ခြင်း၊ ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ တရားခံဟု စွပ်စွဲခံရသူများကို ဖမ်းပေးခြင်း အစရှိသည့် သတင်းမီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု ပြောဆိုဝေဖန်မှုများ ရှိခဲ့ သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတ်မှတ်ထားသည့် သတင်းမီဒီယာ ကျင့်ဝတ်တွင် မီဒီယာသမားများသည် ရဲတပ်ဖွဲ့အပါအဝင် အခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားသည်။