ဟိန္ဒားသတ္တုတွင်းတူးခွင့်ရ ကုမ္ပဏီကို သက်တမ်းမတိုးသင့်ကြောင်း တိုင်းအစိုးရမှတ်ချက်ပေး

0
1656

ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီကို နောက်ထပ်သက်တမ်းတိုးခွင့်မပြုသင့်ဟု တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးပို့ထားကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံးထံမှ သိရသည်။

ယင်းတိုင်းအစိုးရသဘောထားမှတ်ချက်ကို ပြည်ထောင်စုထံ ဇွန်လ ဆန်းပိုင်းက ပေးပို့ထားခြင်းဖြစ်ကြောင်း အထက်ပါရုံး အထွေထွေမန်နေဂျာ ဦးနိုင်မျိုးဟန်က ပြောသည်။

“တိုင်းဒေသကြီးအစိုးရကနေပြီးတော့ ဒီ(ဟိန္ဒားသတ္တုတွင်း) မိုင်းကို ဆက်ပြီးတော့ ခွင့်မပြုသင့်ကြောင်းဆိုပြီးတော့ ပြည်ထောင်စုကို ပြန်ကြားထား တယ်ပေါ့နော်” ဟု ဦးနိုင်မျိုးဟန်က ပြောသည်။

မြန်မာပွန်ပီပက်(MPC) ကုမ္ပဏီ သည် ခဲမဖြူနှင့် အဖြိုက်နက် သတ္တုတူး ဖော်ရန်အတွက် ဟိန္ဒားသတ္တုတွင်းကို ၁၉၉၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ နှစ်ပေါင်း ၂၀ ကို အဆင့်ဆင့်သက်တမ်းတိုးကာ လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန စာရင်းအရ သိရသည်။

ယင်းသက်တမ်းကုန်ဆုံးပြီး နောက်ဆုံးအကြိမ် ငါးနှစ်သက်တမ်းတိုးရန် လျှောက်ထားချိန်တွင် တိုင်းအစိုးရမှ လုပ်ကိုင်ခွင့်မပြုသင့်ကြောင်း သဘောထားမှတ်ချက်ပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းလိုက်နာမှု အားနည်းသဖြင့် လတ်တလောသတ္တုတူးဖော်ခွင့် ရပ်ဆိုင်းထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

ဟိန္ဒားသတ္တုတွင်းရှိ မြန်မာပွန်ပီပက် ကုမ္ပဏီတာဝန်ရှိသူများကိုလည်း အမှတ် (၂) သတ္တုတွင်းမှ ငှားရမ်းအသုံးပြုနေသည့် စက်ပစ္စည်းများကို မည်သည့်ပုံစံဖြင့်ပြန်အပ်မည်ဆိုသည်ကိုအကြောင်း ပြန်ခိုင်းထားကြောင်း ဦးနိုင်မျိုးဟန်က ပြောသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက သတ္တုတူးဖော်ရာတွင် အသုံးပြုသောပစ္စည်းအချို့ကို အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ငှားရမ်းထားခြင်းဖြစ်သော်လည် မည်သည့်ပစ္စည်းကို မည်မျှဖြင့် ငှားရမ်းထားသည်ကိုမူ တိုက်ရိုက်စာချုပ်ချုပ်ထားသည့် ရုံးချုပ်ကသာ သိနိုင်မည်ဖြစ်ကြောင်း ဦးနိုင်မျိုးဟန်က ပြောသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီနှင့် ဟိန္ဒားဒေသခံတို့ လျှပ်စစ်မီးအတွက်အသုံးပြုနေသော ဖောင်းတောကျေးရွာရှိ မီးစက်ကိုမူ တစ်လဒေါ်လာ တစ်သောင်းခန့်ဖြင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟိန္ဒားမိုင်းတွင် အလုပ်သမား ၃၅၀ ခန့်ရှိနေပြီး ကုမ္ပဏီကထွက်သွားပါက ယင်းအလုပ်သမားများရသင့်ရထိုက်သည့် နစ်နာကြေး၊ လျော်ကြေး စသည့် အလုပ်သမား ဥပဒေပါသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးရန်လည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

ပုံမှန်အားဖြင့် တိုင်းအစိုးရမှ သဘောမတူသော သတ္တုလုပ်ငန်းကို ပြည်ထောင်စုမှလည်း ခွင့်ပြုချက်ပေး လေ့မရှိပေ။

ဟိန္ဒာသတ္တုမိုင်းမှ မြန်မာပွန်ပီပက် ကုမ္ပဏီထွက်သွားသည်ရှိသော် ယင်းသတ္တုမိုင်းအား မည်ကဲ့သို့ ဆက်လက်လည်ပတ်မည်ဆိုသည်ကိုလည်း ပြည်ထောင်စုမှ ညွှန်ကြားလာခြင်းမရှိသေးကြောင်း ဦးနိုင်မျိူးဟန်က ပြောသည်။

ဟိန္ဒားကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျိုးဇက်ကမူ သတ္တုမိုင်းကို မှီခိုနေရသည့် အလုပ်သမားများအတွက် အခြားကုမ္ပဏီတစ်ခုကို အမြန်ဆုံးလည်ပတ်ခွင့်ပေးသင့်ကြောင်း ပြောသည်။

သို့သော် နောက်ထပ်သတ္တုထုတ်ခွင့်ရသည့် ကုမ္ပဏီသည် ဥပဒေကိုလေးစားလိုက်နာသည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးသည့် ကုမ္ပဏီမျိုးဖြစ်သင့်ကြောင်း ဦးဂျိုးဇက်က ပြောသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီကမူ ဒေသဖွံ့ ဖြိုးရေးကိစ္စများကို လုပ်ဆောင်မှုအား နည်းသည့်အပြင် သတ္တုတွင်းဥပဒေများကိုလည်း လိုက်နာမူအားနည်းကြောင်း ၎င်းက ပြောသည်။

ကရင်တိုင်းရင်းသားတစ်ဦးက မြန်မာပွန်ပီပက်ကုမ္ပဏီကို လျော်ကြေး ငွေသိန်းတစ်ထောင်ကျော်ရလိုမှုဖြင့် တရားစွဲဆိုထားသောအမှုတစ်ခုမှာလည်း မပြီးပြတ်သေးဘဲ တိုင်းတရားလွှတ်တော်က အမိန့်ချရန် ကျန်နေသေးသည်။

ကျော်သူစိုး