BREAKING
November 11, 2025

သတင်း

မြိတ် CB တွင် ငွေကျပ်သိန်း သုံးသောင်းကျော်ပျောက်နေပြီး ဘဏ်ဒုမန်နေဂျာလည်း ထွက်ပြေးဟုဆို

Dawei Watch

November 23, 2023

မြိတ်မြို့ ထားဝယ်စုရပ်ကွက်ရှိ CB ဘဏ်ခွဲတွင် ငွေကျပ်သိန်း သုံးသောင်းကျော် စာရင်းကွာပျောက်ဆုံးနေပြီး ဒုမန်နေဂျာတစ်ဦးလည်း ထွက်ပြေးသွားကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ CB ဘဏ်၏ မြိတ်ဘဏ်ခွဲ ဒုမန်နေဂျာတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်ရှိ ဦးမျိုးထွဋ်ဆိုသူသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ထွက်ပြေးနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “မန်နေဂျာ ပြေးသွားတဲ့ကိစ္စက ဘဏ်အချင်းချင်းကြားပဲ ကြားနေရတာ။ သိုသိုသိပ်သိပ်လုပ်နေကြတာထင်တယ်။ အပြင်ကို သတင်းသိပ်မထွက်ဘူး” ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ CB ဘဏ်ရုံးချုပ် content center ၏ ဖုန်းနံပါတ်အား အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ရာ call agent များ မအားသေးသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။ အဆိုပါ ဘဏ်ခွဲသို့ စစ်ကောင်စီက ငွေကြေးလုံခြုံမှုအတွက် ငွေများလွှဲထားခြင်းဖြစ်ပြီး ပြန်လည် ထုတ်ယူသည့် အချိန်တွင် ဘဏ်တွင် ငွေလုံးဝမရှိဘဲ ဘဏ်၏ဒုမန်နေဂျာဆိုသူလည်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ “ငွေရော လူပါပြေးသွားတာလို့ ကြားရတယ်။ ငွေဘယ်လောက်ပါသွားသလဲဆိုတာ သေချာမသိရဘူး” ဟု အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထို့အပြင် ဒုမန်နေဂျာဆိုသူသည် ဘဏ်လုပ်ငန်းအတွက် အရေးပေါ်‌ငွေများလိုအပ်သည်ဟုဆိုကာ ပြင်ပရှိ ရင်းနှီးသည့်မိတ်ဆွေတချို့ထံမှ ငွေသိန်းထောင်ဂဏန်းအထိ ချေးယူထားသေးကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောဆိုသည်။ ထို့ကြောင့် ငွေထုတ်ချေးထားသည့် လုပ်ငန်းရှင်အချို့က ဦးမျိုးထွဋ်ကို မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပုလောမြို့တော်ခန်းမ ဒရုန်းဖြင့်ဗုံးချခံရ၊ စစ်ကောင်စီတပ်က လက်နက်ကြီးငယ်များဖြင့် ပြန်ပစ်

Dawei Watch

November 23, 2023

မြိတ်ခရိုင်၊ ပုလောမြို့ပေါ်တွင် မြို့တော်ခန်းမ ဒရုံးဖြင့် ဗုံးချခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီဝန်းကျင်က လက်နက်ငယ် ပစ်ခတ်သံ အများအပြားကြားခဲ့ရသလို လက်နက်ကြီးပစ်သံများလည်း ဆက်တိုက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။ “ဒရုန်းနဲ့ ဗုံးလာချလို့ အောက်ကနေပြီး ပြန်ပစ်တာလို့ သိရတယ်။ တစ်မြို့လုံးဆူညံနေတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ် ဝင်ထွက်သွားလာလေ့ရှိသည့် မြို့တော်ခန်းမပေါ်သို့ ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချခဲ့သည်ဟု သိရပြီး ထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ဒရုန်းဖြင့် ဗုံးချချိန် မြို့တော်ခန်းမတွင် စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်နေသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ ဗုံးချခံရပြီးနောက် စစ်ကောင်စီတပ်က ကျောင်းနိမ့်ကျေးရွာနှင့် ပဝတ်ကုန်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီမနက် (နိုဝင်ဘာ ၂၃) စောစောကလည်း ပဝတ်ကုန်းဖက်ကို သုံးလုံးထပ်ပစ်လိုက်သေးတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ ပုလောအခြေစိုက် မြိတ်ခရိုင်အမှတ် […]

ဘုရားသုံးဆူတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 23, 2023

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်‌နေ့ နံနက်ပိုင်းက စစ်ကောင်စီ ခလရ-၉၇ တပ်ရင်းက ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ စစ်ကောင်စီ ခလရ-၉၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းဆိုသူသည် ယနေ့ နံနက် ၆ နာရီ ဝန်းကျင် က ဘုရားသုံးဆူမြို့၊ လမ်းမပေါ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် ရှိနေစဉ်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “အလှပြင်ဆိုင်ထဲမှာ ရှိနေတဲ့အချိန်မှာ ပစ်ခတ်ခံရတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာကတော့ သေချာ မပြောနိုင်ဘူး။ ဒီမြို့မှာက လက်နက်ကိုင်တွေကလည်း များတော့ ပြောဖို့တော့ ခက်တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် ဦးခေါင်းတွင် ရရှိသည့် ကျည်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းလည်း အထက်ပါ မြို့ခံက ပြောသည်။ ဗိုလ်မှူးအေးချမ်းကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့်လာရောက် ပစ်သတ်သွားခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင် နယ်ခြားစောင့်တပ် DKBA ၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အစရှိသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်းအဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP တို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တို့ […]

ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် သားအမိနှစ်ဦးသေဆုံးဟုဆို

Dawei Watch

November 23, 2023

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာ ရဲစခန်းတွင် တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်ကစပြီး ကျောက်မဲတောင်နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း Dawei Defense Team-DDT နှင့် ကျောက်မဲတောင်ရွာ ဒေသခံအချို့က ဆိုသည်။ နံနက် ၉ နာရီခွဲခန့်အထိ ကျောက်မဲတောင်ကျေးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုထိပစ်နေကြတုန်းပဲ။ လက်နက်ကြီး လက်နက်ငယ်တွေ ပလူပျံနေတယ်။ လက်နက်ကြီးကျလို့ သားအမိနှစ်ဦး သေတယ်လို့ပြောတယ်” ဟု ကျောက်မဲတောင်ရွာက အမျိုးသမီးက နံနက် ၉ နာရီခွဲခန့်တွင် ပြောဆိုသည်။ တိုက်ပွဲဆက်ဖြစ်နေသေးသဖြင့် ပုန်းအောင်းနေရပြီး ဒေသခံအချင်းချင်း ဆက်သွယ်မေးမြန်းချက်အရ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၁၀ နှစ် […]

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရား ပို့ဆောင်မှုပုံရိပ်များ

Dawei Watch

November 22, 2023

နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ရပ်ကွက်အလိုက်ပင့်ထားကြရာမှ ‌ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းသို့ ယနေ့ (နိုဝင်ဘာလ ၂၂ ရက်နေ့) ပို့ဆောင်နေသည့်မြင်ကွင်းများကို ​ဖော်ပြလိုက်ပါသည်။ ၁၁၂ ကြိမ်မြောက်အဖြစ် ကျင်းပမည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့မှ လပြည့်နေ့အထိ(နိုဝင်ဘာလ ၂၃ မှ ၂၇ အထိ) ငါးရက်ကြာမည်ဖြစ်သည်။

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ CDM လုပ်ရန် ပကဖ သတိပေး

Dawei Watch

November 22, 2023

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း Non CDM များအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီး CDM ပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က နိုဝင်ဘာလ ၂၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်သည်။ ဝန်ထမ်းများအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အမြန်ဆုံးချိတ်ဆက်ပြီး စာရွက်စာတမ်းများ အပ်နှံကြရန် နောက်ဆုံးအနေဖြင့် သတိပေးသည်ဟုလည်း ဖော်ပြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွဲနေရာ လက်ရှိအချိန်ထိ NUG အမျိုးသားညီညွတ်ရေးအစိုးရ အောက်သို့  ခိုလှုံလာသည့် CDM ဝန်ထမ်း ၁၄၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။ တနင်္သာရီတိုင်းအတွင်းတွင်လည်း လက်ရှိအချိန်အထိ CDM လုပ်လာသည့် ရဲနှင့် စစ်သည် ၂၃၇ ဦးရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ CDM လုပ်လာသည့် ရဲနှင့် စစ်သည်တို့မှာ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၃၉ဦး ရှိကြောင်း ဆိုသည်။ CDM ပြုလုပ်လာသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ပြုဆုကြေးငွေများထောက်ပံ့ပေးအပ်ကာ သွားရောက်လိုသည့် နေရာများသို့ လုံခြုံစွာပို့ဆောင်ပေးခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရသိရသည်။ “ဝန်ထမ်းတွေအနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအချိန်ခါအပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ အချိန်ရောက်လာနေပြီလို့ မြင်တယ်” ဟု မြိတ်ခရိုင်ရှိ အမည်မဖော်လိုသည့် CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။ မြိတ်ခရိုင်တွင် CDM မလုပ်သည့် ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးမည်ဟုလည်း သတိပေးထားသည်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁၆ ရက်က စစ်ကိုင်းတိုင်းရှိ Non CDM ဝန်ထမ်းများသို့ နောက်ဆုံး အသိပေးထုတ်ပြန်ချက်တွင် CDM မလုပ်သည့် ဝန်ထမ်းများတည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူအပြစ်ပေးခြင်း ခံရမည်ဟု သတိပေးထားသည်။ လက်ရှိအချိန်တွင် မြိတ်မြို့ပေါ်၌ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဌာနဆိုင်ရာအပါအဝင် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက်ရှိနေကြောင်း မြို့ခံများထံမှသိရသည်။

အာဏာသိမ်းပြီးနောက် အကြီးဆုံးတိုက်ပွဲဖြစ်ပွားနေကြောင်း ကုလပြော

Dawei Watch

November 22, 2023

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် လက်ရှိကာလတွင် တိုက်ပွဲအကြီးမားဆုံးဖြစ်ပွားနေပြီး မြေပြင်ပထဝီဝင် အနေအထားအရလည်း အကျယ်ပြန့်ဆုံးဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန် မြင့်လာပြီး ရှမ်းမြောက်အပြင် ရှမ်းတောင်၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲ ပြင်းထန်လာကြောင်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ လက်နက်ကိုင်ပဋိပက္ခပြင်းထန်လာသည့် တစ်လနီးပါးကာလအတွင်း ပြည်သူ နှစ်သိန်း ရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလက ဆိုသည်။ ပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်ရသည့် အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်အထိ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းကျော်သွားပြီဖြစ်ကြောင်းလည်း UNOCHA […]

ရန်ကုန် ရေတပ်သင်္ဘောကျင်းက တပ်ကြပ်ကြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်သို့ ခိုလှုံ

Dawei Watch

November 22, 2023

ရန်ကုန်တိုင်း၊ သံလျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌါနချုပ် (သီလဝါ) က တပ်ကြပ်ကြီးတစ်ဦး CDM လုပ်ပြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ခိုလှုံလာကြောင်း  မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တပ်ကြပ်ကြီး အောင်ကျော်မျိုးသည် ပုလောအခြေစိုက် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းသို့ ခိုလှုံလာကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ၎င်းအား လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ဖော်ပြသည်။ CDM ဝင်လာသည့် တပ်ကြပ်ကြီီးအား အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ (NUCC) နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။ “တစ်ဦးတည်းလာတာပါ။ လက်နက်တော့ မပါပါဘူး။ လက်ရှိသူ့ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံက ပြောသည်။ စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ကိုမျက်နှာမူကာ နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်ပြီး CDM ပြုလုပ်ကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။ စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း CDM လုပ်ပြီး ခိုလှုံလာသည့် ရဲနှင့် စစ်သည် ၂၃၇ ဦးရှိနေပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။ မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း CDM ပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။