တနင်္သာရီစစ်ရှောင်များ ငှက်ဖျားပြန်ဖြစ်လာ၍ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အရေးပေါ်လို
Dawei Watch
April 8, 2025တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်အချို့သည် ငှက်ဖျားရောဂါပြန်ဖြစ်လာနေ၍ ဆေးဝါးနှင့် စစ်ဆေးရေးကိရိယာ (Test kit) များ အရေးပေါ်လိုအပ်လာနေကြောင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့များထံမှ သိရသည်။ မိုးရာသီမရောက်ရှိသေးသော်လည်း မတ်လကုန်မှစ၍ တနင်္သာရီတိုင်းအတွင်း နေရာစိပ်စိပ် မိုးရွာနေသဖြင့် စစ်ဘေးရှောင်အချို့သည် ဝမ်းရောဂါနှင့်အတူ ငှက်ဖျားရောဂါပြန်ဖြစ်လာနေကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ အထူးသဖြင့် ရက်ရှည်စစ်ဘေးရှောင်နေရသော ညောင်ပင်ကွင်းနှင့် သိန်ခွန်းကျေးရွာများရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ ပြန်ဖြစ်လာနေကြောင်း အဖွဲ့ထံမှ သိရသည်။ သို့သော်လည်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံတွင် ငှက်ဖျားရောဂါစစ်ဆေးရေး ကိရိယာများနှင့် ဆေးဝါးများ လုံလုံလောက်လောက် စုစည်းထားနိုင်ခြင်းမရှိသေးသဖြင့် အခက်အခဲဖြစ်နေကြောင်း နွေဦးမေတ္တာ ကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ငှက်ဖျားဆိုတာက တစ်ယောက်တွေ့ပြီးရင် တစ်အိမ်လုံး ဖြစ်လာနိုင်တဲ့ကူးစက်ရောဂါဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ Test kit နဲ့ ဆေးဝါးတွေ လုံလုံလောက်လောက်မရှိသေးဘူး။ […]


