ထားဝယ် ကျောက်ရပ်တွင် နေအိမ်သုံးလုံးမီးလောင်
Dawei Watch
December 19, 2023ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်တွင် နေအိမ်သုံးလုံးမီးလောင်ကြောင်း ဒေသခံများထံက သိရသည်။ နံနက် ၉ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းပြီး ၂၅ မိနစ်ခန့်အကြာတွင် မီးသတ်ကားများရောက်ရှိလာကာ မီးငြှိမ်းသတ်နေကြောင်း ရွာသားများကပြောသည်။ မီးသတ်ကားများ ရောက်ရှိချိန် စငြိမ်းနေပြီဖြစ်ပြီး မီးသတ်ကားများ ရောက်ရှိငြှိမ်းသတ်ပြီးနောက် မီးငြိမ်းသွားကြောင်း ရွာသားတို့က ဆိုသည်။ မီးမလောင်မီ လျှပ်စစ်မီး ပြတ်တောက်သွားပြီးနောက် မီးခိုးများတက်လာသည်ကိုမြင်ရကြောင်း ရွာသားတစ်ဦးကပြောသည်။ မီးလောင်ကျွမ်းသည့် အကြောင်းအရင်းနှင့် ပျက်စီးမှုတန်ဖိုးကို မသိရသေးပေ။ ယမန်နေ့ညကလည်း ထားဝယ်မြို့၊ ဇရစ်ရပ် ၊စည်ပင်သာယာဈေးကြီးအနီးတွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့သေးသည်။ ကျောက်ရပ်ရွာတွင် နေအိမ်သုံးလုံးမီးလောင်နေစဥ် ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက်တွင် မီးလန့်မှုလည်းဖြစ်ပွားခဲ့သေးသည်။


