ကျွန်တော့်ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံအရေအတွက်ကို ဒီနေ့ စစ်ကြည့်ဖြစ်တယ်။ လေးထောင့်သုံးဆယ်ကိုးပုံတဲ့။ ရိုက်နိုင်လှချည်လားပေါ့။ ကိုယ့်ကိုယ်ကိုယ် ထေ့မိလိုက်သေး။ ဒီပုံတွေထဲ အများစုက ကျောင်းသင်ခန်းစာ ပုံတွေဖြစ်ပါတယ်။
သင်ခန်းစာပုံဆိုတာက ဒီလိုပါ။ ကျွန်တော်က အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်မှာ ဖွင့်လှစ်ထားတဲ့ ကြားကာလအခြေခံပညာကျောင်းတချို့မှာ အချိန်ပိုင်းဆရာလုပ်နေတော့ ကလေးတွေကို သင်မယ့်သင်ခန်းစာတချို့ကို PowerPoint ပြင်တာ၊ နောက်ပြီး အဲဒီ PowerPoint File ကို ဓာတ်ပုံအဖြစ် ပြောင်းထားပြီး သိမ်းထားတာမျိုးပါ။ ကျွန်တော်လည်း အလွယ်တကူ ကြည့်လို့ရအောင်နဲ့ ကလေးတွေဆီလည်း အလွယ်တကူ ပို့ပေးလို့ရအောင်ပါ။ ဒုတိယအများဆုံးကတော့ Social Media Design ကြော်ငြာဒီဇိုင်း ပုံလေးတွေဖြစ်ပါတယ်။
ကျွန်တော်က စိတ်အဆင်မပြေရင် ကိုယ့်ကိုယ်ကိုယ် ကုသလို့ ရအောင်၊ အပိုဝင်ငွေလေးလည်း ရှာနိုင်အောင် ဆိုပြီး Photoshop ကို လေ့လာထားဖြစ်တယ်။ စိတ်ညစ်ရင်၊ စိတ်ကျလာရင် ကိုယ်စားချင်တဲ့ စားစရာလေးကိုပဲဖြစ်ဖြစ်၊ သောက်ချင်တဲ့ သောက်စရာလေးကိုပဲ ဖြစ်ဖြစ်၊ ဖတ်ဖြစ်ထားတဲ့ ကဗျာလေးကိုပဲဖြစ်ဖြစ်၊ သဘောကျဖူးတဲ့ ဝတ္ထုလေးကိုပဲဖြစ်ဖြစ် Design ပုံလေးတွေ ဆွဲဖြစ်ပြီး သိမ်းထားဖြစ်တာမျိုးပါ။ တတိယအများဆုံးကတော့ ကင်မရာနဲ့ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေပါ။
ကိုယ်တိုင်သဘောကျလို့ ရိုက်မိရိုက်ရာလျှောက်ရိုက်ထားတဲ့ အပင်ပုံတွေ၊ စာအုပ်စင်က စာအုပ်ပုံတွေ၊ အားကစားဖိနပ်ပုံတွေ၊ ကြောင်ပုံတွေ၊ တော်လှန်ရေးသပိတ်စစ်ကြောင်းကပုံတွေနောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်ထားတဲ့ပုံတွေပါ။ အရေအတွက် အနည်းဆုံးပုံတွေကတော့ ရင်ဘတ်ထဲထိ နှစ်ဝင်နိုင်စွမ်းရှိလို့ social media ကနေ သိမ်းထားဖြစ်တဲ့ ဘဝသရုပ်မှန်ဓာတ်ပုံလေးတွေပါ။
သိမ်းထားဖြစ်တဲ့ ဘဝသရုပ်မှန် ဓာတ်ပုံလေးတွေက အများကြီး မဟုတ်ပါဘူး။ ငလျင်အပြိုအပျက်တွေကြား ပိနေလျက်ကနေ အုတ်ပေါက်လေးကြားကနေ အပြင်ကို ချောင်းကြည့်နေတဲ့ ကလေးတစ်ယောက်ရဲ့ မျက်ဝန်းပုံ၊ စစ်အာဏာသိမ်းမှုအတွက် ဆန္ဒပြတဲ့ အဖြူအစိမ်းဝတ် ကျောင်းဆရာမတစ်ယောက်ကို စစ်ကောင်စီတပ်သားတွေက တုတ်ကိုင်ပြီးလိုက်နေလို့ ဆရာမ ထဘီဆွဲပြီး အသက်လုပြေးနေတဲ့ပုံ၊ ရေကြီးမှုဖြစ်တုန်းက သူ့ကလေးကို ကယ်တင်ဖို့ လက်နဲ့ မ,ထားပြီး သူ့အသက်ကို ပေးသွားတဲ့အဖေတစ်ယောက်ရဲ့ပုံ၊ ကျွန်တော့်အမေ လေဖြတ်ပြီး နေပြန်ကောင်းစဉ်က ရွာထဲက ပိတောက်ခက်ကလေးချိုးလာပြီး အမေ့ကို ပန်ပေးတော့ အမေက ပြုံးနေတဲ့ပုံနဲ့အတူ ခွန်အားအကြီးမားဆုံး ဓာတ်ပုံက တစ်ပုံ။
ခွန်အားအကြီးမားဆုံး ဓာတ်ပုံဆိုတာက Mauk Kham Wah ဖေ့ဘုတ်အကောင့်ပိုင်ရှင်ရဲ့ Spring’s Documentary ဆိုတဲ့ Facebook Album ထဲက ပုံတစ်ပုံပါ။ ၂၀၂၄ခုနှစ် ၊ဩဂုတ် ၁၃ ရက်က တင်ထားတဲ့ပုံပါ။ ဓာတ်ပုံဆရာက သူ့ဓာတ်ပုံကို “ ခွန်အားအကြီးမားဆုံး ဓာတ်ပုံ”လို့ အမည်ပေးထားတာပါ။ ပုံထဲမှာက PDF ရဲဘော်နှစ်ယောက်နဲ့ ဆေးသတ္တာလေးတစ်လုံးပါပါတယ်။
ပထမရဲဘော်က PDF ဝတ်စုံကို ဝတ်ထားတာပါတယ်။ ပုံမှာတော့ သူ့ရဲ့မျက်နှာမပါပါဘူး။ ကျန်ရဲဘော်တစ်ယောက်က ချဲလ်ဆီဘောလုံးအသင်းအင်္ကျီအပြာရောင်ကို ဝတ်ထားတာပါတယ်။ သူ့ခေါင်းမှာတော့ PDF ဦးထုပ်လေးကို အုပ်ရုံလေးတင်ထားပြီး PDF ဝတ်စုံ ဝတ်ထားတဲ့ ရဲဘော်ရဲ့ ပေါင်ပေါ်မှာ ခေါင်းတင်ပြီး ရယ်ပြုံးပြုံးလျက်လဲအိပ်နေပါတယ်။ သွေးထွက်နေတဲ့ ဒဏ်ရာရ သူ့ ညာဘက်လက်ကိုတော့ သူ့ရဲ့ ရင်ဘတ်ပေါ်မှာ တင်ထားပါတယ်။ အပြာရောင်အင်္ကျီဝတ်ထားတဲ့ ရဲဘော်ရဲ့ ပုံဟာ ဓာတ်ပုံထဲမှာတော့ ခြစ်အပေါ်ပိုင်းနားလေးအထိလောက်ပဲပါတာမျိုးပါ။ သူတို့နှစ်ယောက်ရဲ့ ဘေးတစ်နေရာမှာတော့ ဆေးသေတ္တာလေးက ငြိမ်ကုပ်လို့။ ဒီပုံလေးကို ကျွန်တော် သိမ်းထားဖြစ်လိုက်တဲ့ အကြောင်းအရင်းက အင်္ကျီအပြာရောင်ဝတ်ထားတဲ့ ရဲဘော်ကြီးရဲ့ မျက်နှာပေါ်က အပြုံးကြောင့်ပါပဲ။ အပြုံးဟာ တစ်ပွင့်တည်း ဆိုပေမယ့် စကားလုံးအများကြီကို ထပ်ဟပ်ပြနေတဲ့ အပြုံးမျိုးပါ။ ဒီဓာတ်ပုံနဲ့အတူတူ တွဲပြီး ဓာတ်ပုံဆရာရေးတင်ထားတဲ့ စာကိုတောင် အရင်ဖတ်မကြည့်ဖြစ်ဘဲနဲ့ ပုံကို ဖုန်းထဲ ချက်ချင်း ကျွန်တော်သိမ်းထည့်ဖြစ်ခဲ့ပါတယ်။ တွဲရေးတင်ထားတဲ့ စာကို ဖတ်လိုက်မိတဲ့အခါမှာတော့ ရင်ဘတ်ထဲ တစ်ခုခု လှိုက်စားသွာသလို ခံစားလိုက်ရပါတယ်။ စာရဲ့ခေါင်းစဉ်က “ခွန်အားအကြီးမားဆုံးဓာတ်ပုံ”တဲ့။
“ ဒီပုံကို ဒီမောဆိုမြို့တစ်ဝိုက်မှာ ၂၀၂၂ ခုနှစ်က ရိုက်ခဲ့ပါတယ်။ ကျွန်တော်ရိုက်ဖူး ကြုံဖူးသမျှထဲမှာ ဒီပုံက အင်အားအကြီးမားဆုံး ဓာတ်ပုံပါပဲ။
ဒီပုံရိုက်နေတဲ့အချိန်မှာ ပုံထဲက ရဲဘော် ခြေထောက်တစ်ဖက် လုံးဝ မရှိတော့ပါဘူး။ ပုံမရိုက်ခင် ၁၀ မိနစ်အလိုက မိုင်း နင်းမိပြီး ပြတ် သွားတာပါ။ သူ့ကို ဆွဲခေါ် လာကြပြီး အရေးပေါ် ပတ်တီးစီးတယ်။ ကြေမွပြီး အရိုး နဲ့ အသားတွေ တစ်စစီ မွစာကျဲ နေတဲ့ သူ့ခြေထောက်ဟာ တံမြက်စီး အဟောင်းကြီးလို ဖွာလန်နေတယ်။
ခြေထောက်ကြီးတစ်ခုလုံး ပေးလိုက်ရပြီး ၁၀ မိနစ်အကြာဆိုတာ ကိုယ့်အခြေအနေကိုယ် သိနေပါပြီ။ ငါ ခြေထောက် မရှိတော့ပါလား ဆိုတာကို သဘောပေါက်သွားတဲ့အချိန်။ သူ့နဲ့ ဘဝတူတဲ့သူ အားလုံးက ဒီချိန်မျိုးမှာ ပုံမှန်ဆို ငိုကြ၊ အော်ကြ၊ ပေါက်ကွဲကြတဲ့အချိန်ပဲ။
သူကတော့ ကင်မရာကို ရယ်ပြနေတယ်။ ဘာလို့ ရယ်နေလဲ ကျွန်တော် နားမလည်ဘူး။ ဒီရဲဘော်က မူးရူးနေတာလဲ မဟုတ်။ တည်တည်ငြိမ်ငြိမ်ပဲ ရှေ့တက်သွားတာ။ သူ့သူငယ်ချင်းရဲ့ ကျဆုံး body ကို တက်ဆွဲဖို့ သွားရင်း မိုင်းကွင်းထဲ ရောက်ပြီး ခြေတစ်ဖက် ပေးလိုက်ရသူ။ ဒုက္ခကြုံလာတဲ့ချိန်မှာ သွေးအေးအေးနဲ့ ပြာယာမခတ်ပဲ ရင်ဆိုင်တဲ့ ရဲဘော်။ ကင်မရာကို ရယ်ပြပြီး pose ပေးနိုင်သေးတယ်တဲ့။
ကျွန်တော်စိတ်ညစ်တိုင်း သူ့အကြောင်း အမြဲတွေးတယ်။ ငါ ခြေပြတ်တာ မဟုတ်သေးဘူး။ ငါ ခြေပြတ်သွားရင်တောင် ငါ ရှင်သန်နေသေးတယ်။ ငါ ဆင်းရဲရင်တောင် ငါ တစ်နေ့မှာ အဆင်ပြေသွားနိုင်သေးတယ်။
နိုင်ငံခြားသား ဝါရင့်သတင်းထောက်ကြီးတစ်ယောက်ကြီးတစ်ယောက်က ပြောဖူးတယ်။ မင်းတို့ တိုင်းပြည်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးက ” ကြံ့ကြံ့ခံနိုင်စွမ်း ” ပဲ။ ငါတို့သာဆို ဒီလောက် တောင့်ထားနိုင်မယ် မထင်ဘူးတဲ့။
အားလုံး စိတ်ဒုက္ခရောက်နေတဲ့ချိန်မှာ ဒီရဲဘော်ရဲ့ စိတ်သတ္တိတွေ ပြန့်နှံ့ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။”
ဒီစာကို ဖတ်ပြီးတာနဲ့ စာအောက်ကပုံကို အချိန်အကြာကြီး ကျွန်တော်ငေးကြည့်နေမိတယ်။ ဘာကြောင့်ရယ်ဆိုတာမျိုး၊ ဘယ်လိုအတွေးနဲ့ဆိုတာမျိုး၊ ဘယ်လိုခံစားချက်နဲ့ဆိုတာမျိုးထက် ရင်ဘတ်ထဲ ဟာတာတာကြီးရယ်လို့ ပြောရမယ့် အခြေအနေမျိုးဖြစ်သွားပါတယ်။ ဗလာနယ်သက်သက်ပေါ့။ ဒီပုံနဲ့စာဟာ အလွတ်မကျက်လိုက်ရဘဲနဲ့ စိတ်ထဲ တစ်နေကုန်စွဲနေပါတယ်။ လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ယောက်ဆီကိုလည်း ပုံလေးပို့ပေးလိုက်ဖြစ်ပါတယ်။ သူက ကျွန်တော့်ထက်အရင် ကြိုတွေ့ထားတာမို့ ရင်ထဲ ကြိုနင့်ပြီးသားပါတဲ့။
“ သမီးအတန်းတွေ မတက်ချင်တော့ဘူး ဆရာ”
သေနတ်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တစ်ဦး ဒါမှမဟုတ် ကျည်ဆံတွေကြား ပြေးလွှားရင်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ဦးအတွက် အတုန်လှုပ်ဆုံးဖြစ်မယ့်အချိန်ကို ကျွန်တော်မပြောတတ်ပါ။ ဒါပေမဲ့ ညဘက်တွေမှာ ကုန်စုံဆိုင်တစ်ဆိုင်ရဲ့ ဂိုဒေါင်ကျဉ်းကျဉ်းလေးထဲ ကုန်စုံနံ့မျိုးစုံကြားကနေ လက်ကိုင်ကွန်ပြူတာအို တစ်လုံးနဲ့ အသံကို တိုးတိုး တိုးတိုးပြောပြီး အချိန်ပိုင်းစာသင်မျှဝေနေတဲ့ ကျွန်တော့်အတွက်ကတော့ “ သမီးအတန်းတွေ မတက်ချင်တော့ဘူး ဆရာ”ဆိုပြီး Telegram ကနေ စာတိုလေး ဝင်လာတဲ့အချိန်ဟာ အတုန်လှုပ်ဆုံးအချိန်တွေထဲက တစ်ခုပါပဲ။
“ ဘာဖြစ်လို့လဲ”
“ အိမ်က မိဘတွေက သမီးစာလုပ်ရင် အမြဲဆူတာ’’
“ အိမ်မှာ မကူဘဲ စာချည်းဘဲ လုပ်နေတာလား သမီးက”
“မဟုတ်ပါဘူးဆရာ။ အိမ်မှု ကိစ္စတွေရှိရင် အကုန်လုပ်တယ်။ ဒါပေမဲ့ စာကို အကြောင်းပြပြီး ဖုန်းနှိပ်တယ်ဆိုပြီး နေ့တိုင်းဆူခံနေရလို့”
“ ဒါဆို စာလုပ်နေကြောင်း သက်သေပြပေးလိုက်လေ သမီး။ အိမ်က လူတွေ နားလည်လက်ခံလာအောင်ပေါ့။
ဒါကို ဆူလို့ဆိုပြီး အတန်းတွေ မတက်တော့ရင် သမီးက ပညာရေးနှောင့်နှေးမှာပေါ့။ အဲလိုဆိုရင် ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာလေးတွေကို လက်လွှတ်လိုက်ရတာမျိုး ကြုံနိုင်တယ်”
“ စာတွေအကြာကြီးလုပ်နေရင်လည်း နင်က ဆယ်တန်းမို့လားဆိုပြီး ဆူသေးတယ်ဆရာ”
“ စိတ်မပျက်ပါနဲ့ သမီး။ အဲဒီ ဆူခံထိတာ တစ်ခုတည်းအတွက်နဲ့ အတန်းမတက်တော့လို့ မရဘူး။ အများကြီးလေ့လာသင်ယူရဦးမှာ သမီးအရွယ်က။ ဒီတော့ ဆရာပြောသလို စာလုပ်မယ့်အချိန်၊ အိမ်မှာကူမယ့်အချိန်ကို သေချာလေး ခွဲပြီး လုပ်ပါ။ လူကြီးတွေဆိုတော့ ဒီလိုပါပဲ။ သမီးကလည်း နားလည်ပေးလိုက်ပါ။ စိတ်တအားမညစ်နဲ့ သမီး။ ဖိုက်တင်းးးးးး”
“ဟုတ်ကဲ့ ဆရာ”
ကလေးမလေးက ခြောက်တန်းပါ။ ခြောက်တန်းဆိုပေမယ့် ကိုဗစ်မှာ ကျောင်းနားတာတွေနဲ့ နိုင်ငံရေးကြောင့်ကျောင်းနားထားရတာတွေပါ ပေါင်းတွက်ရင် ကလေးမလေးက အရွယ်အတော်ကြီးနေပါပြီ။ ဆယ်ကျော်သက်တို့ ထုံးစံအတိုင်း စိတ်ကောက်တာမျိုးလို့ ကျွန်တော်ထင်ပါတယ်။ စိတ်ကောက်တဲ့ အဆင့်လောက်ဆိုရင်တော့ တော်ပါသေးတယ်။ တကယ်ကြီး အတန်းတွေ လာမတက်တော့ဘူးဆိုရင်တော့…
ကလေးမလေးနဲ့စကားပြောပြီးတာနဲ့ ကျွန်တော့်ခေါင်းထဲ ပြန်နေရာယူလာတာက Mauk Kham Wah “ခွန်အားအကြီးမားဆုံးဓာတ်ပုံ”ပါ။ ကျွန်တော် ဒီဓာတ်ပုံကို ယူပြီး ညဘက်ကျ သင်မယ့် သင်ခန်းစာ PowerPoint File ရဲ့ ပထမဆုံး စာမျက်နှာမှာထည့်ထားလိုက်ပါတယ်။ ပုံချည်းသက်သက်ပဲ။ ဘာစာမှကို တွဲလျက်မထည့်ထားပါဘူး။
ညဘက်ရောက်တော့ Zoom စာသင်ခန်းထဲ ကျွန်တော် စောဝင်ပြီး ဓာတ်ပုံကို Screen Share ပြထားလိုက်ပါတယ်။ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြပါတယ်။ စာသင်ချိန်မစမီ လူစစ်ကြည့်တော့ စာရင်းရှိ ကျောင်းသားအားလုံး အစုံအလင်ပါပဲ။
“ ဆရာ ဒီနေ့ စာမသင်ဘူးနော်။ ဘာစာအုပ်မှ မလိုဘူး။ ဒီအတိုင်းလေး သေချာထိုင်နားထောင်ရင် ရပြီ”
ကျွန်တော်က အတန်းချိန်ကို ဒီလိုအစပျိုးလိုက်ပြီး ဓာတ်ပုံဆရာ Mauk Kham Wah က “ခွန်အားအကြီးမားဆုံး ဓာတ်ပုံ”နဲ့အတူ တွဲတင်ထားတဲ့ စာတွေကို ဇာတ်ကြောင်းပြောပုံစံနဲ့ ဖြည်းဖြည်းချင်း ပြောပြဖြစ်တယ်။
“ ဒီပုံထဲက ရဲဘော်အစ်ကိုကြီး ကြုံလိုက်ရတဲ့ အခြေအနေဟာ ဆရာတို့ ကြုံနေရတဲ့ လိုင်းကျများတာ၊ စာတွေခက်တာ၊ နေမကောင်းဖြစ်တာ၊ အိမ်ကဆူတာ စတဲ့ဟာတွေနဲ့ စာရင် ဘယ်လောက်များ ပင်ပန်းလိုက်မလဲ။ ဒါပေမဲ့ ဒီအစ်ကိုကြီးက သူ့ခြေထောက်တစ်ချောင်းလုံး တံမြက်စည်းလို ဖွာသွားတာတောင် ငိုမနေဘူး၊ အရှုံးမပေးဘူး။ ဒီတော့ ဆရာတို့ ကလေးတို့ကရော ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ အရှုံးပေးစရာလိုလို့လဲ။ ဘယ်အရာကိုမှ အရှုံးမပေးရဘူး။ အနိုင်တိုက်ရမယ်။ အဖြေကို ရအောင်ရှာယူရမယ်။ အဲဒါကို မှတ်ထားဖို့ လိုတယ်။ ဒီတော့ ဒီနေ့ကနေစ ဘယ်လိုအခက်အခဲတွေပုံ ကြုံကြုံ၊ အရှုံးပေးပြီးထွက်ပြေးချင်စိတ်ပေါ်လာတိုင်း ဒီပုံထဲက အစ်ကိုကြီးကို မြင်ယောင်ပြီး အားတင်းပစ်လိုက်စမ်းပါ”
ဇာတ်ကြောင်းကို အဆုံးထိပြောပြီး ကျွန်တော်ဒီလိုလေး အစာဖြည့်ပြောဖြစ်ခဲ့တယ်။ စာမသင်ဘူးလို့ အစမှာ ပြောခဲ့ပေမယ့် ပြောတာလေးတွ စောစောပြီးသွားတော့ ပိုနေတဲ့ အချိန်လေးမှာ သင်ခန်းစာလေး နည်းနည်းသွားဖြစ်လိုက်သေးတယ်။
အဲဒီနေ့ည အိပ်ခါနီးမှာပဲ Telegram ထဲ ခဏဝင်ပြီး အဝင်စာတွေကို လိုက်စစ်ကြည့်တော့ ဟိုခြောက်တန်းကလေးမလေးဆီက ပို့ထားတဲ့ အဝင်စာလေး တစ်စောင်က ကျွန်တော့်ကို အသင့်စောင့်နေရှာတယ်။
“ ဆရာ သမီး အတန်းတွေ အားလုံး ပုံမှန်အတိုင်း ဆက်တက်မယ်နော်ရှင်” တဲ့။
ဘရိုင်ယံရိန်း







