မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာရှိ မူလတန်းစာသင်ကျောင်း စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နေ့လယ်တွင် ဖိုးဝါးသိမ်ကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးနှစ်လုံးချကြောင်း ဒေသခံတစ်ဦးက ပြောသည်။
လူထိခိုက်မှု မရှိခဲ့သော်လည်း ကျောင်းဆောင်များ ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။
“ကျောင်းက ပိတ်ထားရတော့ လူတွေ ထိတာတော့မရှိဘူး။ ကျောင်းဆောင်တွေကတော့ ပျက်စီးသွားတယ်။ ကျောင်းသာ ဖွင့်နေရင် မတွေးရဲစရာပဲ။ကျောင်းပေါ် တည့်တည့်ကို ကျတာလေ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဖိုးဝါးသိမ်ရွာသည် ရန်ကုန်-မော်လမြိုင်ကားလမ်းမှ တစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး အဆိုပါကျေးရွာတွင် တိုက်ပွဲတစ်စုံတစ်ရာ မရှိဘဲ ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဘီးလင်းမြို့နယ် ရန်ကုန် – မော်လမြိုင်ကားလမ်းတွင်မူ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်က အင်အားတိုးမြှင့်နေသည့်အပြင် စစ်ကြောင်းလည်း ထိုးနေသဖြင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ်ရင်း၊ တပ်စခန်းတို့သည် မြို့နယ်အတွင်းရှိ အလူး၊ ဖိုးဝါးသိမ်၊ ဒေါက်ရပ် အစ ရှိသည့် ကျေးရွာအုပ်စုများရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည့်အပြင် ဒရုန်း၊ လေယာဉ်ဖြင့်လည်း မကြာခဏ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။







