အခုစာကို စဖတ်နေတဲ့အချိန် မျက်လုံးလေးတစ်ချက်မှိတ်ကြည့်လိုက်ပါလား..။
ပိုးစုန်းကြူးလေးတွေကို ကျမတို့ ဘယ်အချိန်က နောက်ဆုံးမြင်ခဲ့လဲဆိုတာကို စက္ကန့်ပိုင်းလောက်စဥ်းစားကြည့်ရအောင်နော်။
ကျမကတော့ သည်နှစ်ထဲ ကံကောင်းစွာပဲ ပိုးစုန်းကြူးလေးနှစ်ကောင်မြင်ခဲ့လိုက်ရတယ်။
လျှပ်စစ်မီး လုံလုံလောက်လောက်ပေးထားနိုင်တဲ့ ကျမနေတဲ့မြို့လေးရဲ့ ရပ်ကွက်တစ်ခုမှာ အလင်းရောင်သိပ်မရောက်တဲ့ အိမ်တစ်အိမ်ရဲ့ နတ်စင်ငယ်လေးနားမှာပေါ့။
“မှိတ်တုတ်” “မှိတ်တုတ်” နဲ့ ယိမ်းထိုးပျံ၀ဲနေတဲ့ မီးအိမ်လေးနှစ်လုံး။
ဒါဟာ ဇာတိမြို့ရွာကနေ စွန့်ခွာလာတဲ့ ၅ နှစ်အတွင်း ပထမဆုံး ပြန်မြင်ရတဲ့ ပိုးစုန်းကြူးလေးတွေပါ။
ပြီးခဲ့တဲ့လတွေက ပိုးစုန်းကြူးတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ လူပြောများခဲ့တဲ့ အကြောင်းအရာတစ်ခုရှိခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျမတို့မျိုးဆက်ဟာ ပိုးစုန်းကြူးတွေကိုမြင်ရတဲ့ နောက်ဆုံးမျိုးဆက်ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပါ။
သတင်းအချက်အလက်က ဘယ်လောက်အထိ တိကျလည်းဆိုတာပြောရခက်ပေမယ့် သည်သတင်းကြားတော့ ကျမလည်း အတော်ရှော့ခ်ရသွားပါတယ်။
ကျမတို့လို ငယ်ငယ်တုန်းက လျှပ်စစ်မီးမရခဲ့တဲ့ကျေးရွာလေးတွေမှာ ကြီးပြင်းခဲ့တဲ့လူတွေအတွက် ပိုးစုန်းကြူးဆိုတာ ညဘက်အဖော်တွေပါ။
သူတို့ဟာ မိုးလေကင်းတဲ့ ညတွေမှာဆိုရင် အိမ်ခြံ၀င်းထဲက ပန်းရုံလေးတွေနားမှာပျံ၀ဲနေကြမယ်။ ကျမတို့ အိမ်ပြတင်းပေါက်အထိ တက်လာကြမယ်။ မနက်အာရုဏ်မှာ ဖယောင်းတိုင်လေးနဲ့ ဆွမ်းထချက်တတ်တဲ့ ကျမတို့အမေနားမှာ၀ဲနေလိမ့်မယ်။ကျမတို့ ကလေးတွေရဲ့ လက်ခုပ်ထဲမှာ “မှိတ်တုတ်” “မှိတ်တုတ်” နဲ့ ကခုန်နေကြမယ်။
အချစ်ရဲ့ သင်္ကေတ
“မှိတ်တုတ်” “မှိတ်တုတ်”နဲ့ လင်းနေတဲ့ ပိုးစုန်းကြူးလေးတွေရဲ့ အလင်းရောင်ဟာ သူတို့၀မ်းဗိုက် အောက်ပိုင်းကနေ လာတာပါ။ အ၀ေးကနေကြည့်ရင် ပိုးစုန်းကြူးလေးတွေက သူတို့ခြေထောက်နှစ်ဖက်နဲ့ မီးပုံးလေးတစ်လုံးကို သယ်ဆောင်နေသလိုပါပဲ။
မီးလင်းတဲ့အပိုင်းက ဆဲလ်တွေထဲမှာ (Luciferin) လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးက အောက်ဆီဂျင်နဲ့ ဓာတ်ပြုတဲ့အခါ ကျမတို့ မြင်ရတဲ့ “မှိတ်တုတ်” “မှိတ်တုတ်” အလင်းရောင်လေးဖြစ်လာတာပါပဲ။ အလင်းတိုင်းနီး ပါးက အပူဓါတ်ရှိပေမယ့် ပိုးစုန်းကြူးက ထုတ်လွှတ်တဲ့အလင်းရောင်ကတော့ အေးတဲ့သဘာ၀ ရှိတယ်တဲ့။ ဒါကြောင့် ငယ်ငယ်တုန်းက ပိုးစုန်းကြူးလေးတွေကို လက်ထဲမှာအုပ်ပြီးဖမ်းတဲ့အခါ ပူတဲ့အထိအတွေ့ မခံစားရတာကိုး။ ချစ်စဖွယ်မီးအိမ် အေးအေးလေးတွေကို သယ်ဆောင်ပေးတဲ့ အကောင်လေးတွေပေါ့။
ပိုးစုန်းကြူးတွေ အလင်းထုတ်တဲ့နေရာနဲ့ အလင်းထုတ်နိုင်တဲ့ အသက်အရွယ်ကတော့ မျိုးစိတ်နဲ့ အထီး၊အမအလိုက် ကွဲပြားမှုရှိပါတယ်။တချို့က ပိုးကောင်ငယ်ဘ၀ကတည်းက အလင်းထုတ်နိုင်ကြပြီး တချို့ကျတော့ ကြီးလာမှအလင်းထုတ်နိုင်ကြပါတယ်။ သည်အလင်းရောင်က ပိုးစုန်းကြူးတွေအတွေက် အရမ်းကို အရေးပါတယ်။
အချစ်ရဲ့ ‘သင်္ကေတ’ လို့တောင် ပြောလို့ရတယ်။
ဘာကြောင့်လည်းဆိုတော့ သူတို့မိတ်လိုက်တဲ့အခါ သည်အလင်းရောင်နဲ့အချင်းချင်း အချက်ပြကြ တယ်။ မိတ်လိုက်တဲ့ကာလဆို ပိုးစုန်းကြူးအထီးတွေက နေ၀င်လာချိန်မှာ ‘မှိတ်တုတ်’ ‘မှိတ်တုတ်’ အလင်းရောင်လေးနဲ့ ပိုးစုန်းကြူးအမတွေ ဖိုသံပေးတယ်။
ပိုးစုန်းကြူးအမတွေကလည်း သူတို့သဘောကျတဲ့ အထီးလေးတွေကိုတွေ့ရင် ‘မှိတ်တုတ်’ ‘မှိတ်တုတ်’ နဲ့ပြန်အချက်ပြကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့လည်း အလင်းရောင်ကို သုံးတတ်ကြသလို အလင်းရောင်ကြောင့်လည်း တချို့အင်းဆက်စားတဲ့ အကောင်တွေရဲ့ ရန်က ကာကွယ်ပေးပါတယ်။ တိရစ္ဆာန်အချို့ဟာ အလင်းရောင်ကြောက်ကြတာကို။
ကမ္ဘာပေါ်ကမှာ ပိုးစုန်းကြူးမျိုးစိတ်က ၂၀၀၀ ကျော်ရှိပြီ သမပိုင်း၊အပူပိုင်းရာသီဥတု ရှိတဲ့ ဒေသတွေမှာနေထိုင် ကျက်စားကြတာများပါတယ်။ အမေရိကတိုက်ရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အများဆုံးနေထိုင်ကျက်စားကြပြီး အာရှမှာဆိုရင် အရှေ့တောင်အာရှမှာလည်း အတွေ့ရများတယ်။
အရှေ့တောင်အာရှမှာ ဒီရေတောတွေရှိတဲ့ ရွှံနွ့နေရာတွေနဲ့ မြစ်ကမ်းပါးဘေးမှာ အများအပြားနေ ထိုင်ကျက်စားကြတယ်။ ကျမငယ်ငယ်တုန်းက ပိုးစုန်းကြူးအများဆုံးမြင်ဖူးတဲ့ နေရာဟာ ဒီရေတောပင်တွေပေါ်မှာပါ။ အဲဒီတုန်းက ဆောင်းအကုန်နွေအကူးကောက်ရိတ်၊ လယ်သိမ်းပြီးချိန်ဖြစ်တယ်။
ကျမတို့မိသားစုဟာ ရွာတစ်ဖက်ကမ်းရှိ လယ်ထဲကနေ ဒီရေအချိန်ကြောင့် ညဘက်မှာလှေနဲ့ ချောင်းကိုဖြတ်ပြီး ပြန်လာကြတယ်။ လှေ၀မ်းဗိုက်မှာ အိပ်ပျော်နေတဲ့ကျမကိုနှိုးပြီး အဖေက ချောင်းဘေးနှစ်ဖက်က ဒီရေတောပင်တွေမှာ မြူးတူးနေကြတဲ့ ပိုးစုန်းကြူးအကောင်ပေါင်းများစွာကို လက်ညှိုးထိုးပြတယ်။ သစ်ပင်ပေါ်မှာ ကြယ်လေးတွေကို ‘မှိတ်တုတ်’ ‘မှိတ်တုတ်’ လင်းနေသလိုပဲ။ အဲသည်မြင်ကွင်းဟာ ကျမအတွက်တော့ မနေ့တစ်နေ့ကလိုပဲ။
ကျိန်စာသင့် အလင်းရောင်များ
မျိုးစိတ်တစ်ခုအသက်ရှင်ဖို့အတွက် လိုအပ်တဲ့အလင်းရောင်ဟာ အခြားမျိုးစိတ်တစ်ခု မျိုးတုန်းသွားစေနိုင်တယ် ဆိုတာကတော့ နည်းနည်းခါးသီးမလားပဲ။ ကျမတို့လူသားတွေ ညဘက်သွားလာလှုပ်ရှားဖို့အတွက် အလင်းရောင်ကို လိုတာထက် ပိုသုံးရင်းနဲ့ ပိုးစုန်းကြူးတွေကို မျိုးတုန်းသွားစေတာပါ။
ကျမတို့ကမ္ဘာမှာ သဘာ၀ပတ်၀န်းကျင်နဲ့ပတ်သက်ပြီး ဖြစ်လာနေတဲ့နောက်ပြဿနာတစ်ခုကတော့ Light Pollution လို့ခေါ်တဲ့ “အလင်းညစ်ညမ်းမှု”ဖြစ်ပါတယ်။ အလင်းညစ်ညမ်းမှုဆိုတာ ကျမတို့လူသားတွေက အလင်းရောင်ကိုလိုအပ်တာထက်ပိုပြီး ဖောဖောသီသီ လင်းလင်းထိန်ထိန် အသုံးပြုလာကြတဲ့အတွက် ညဘက်မှာ သဘာဝ အလင်းရောင်အားပြုပြီး အစာရှာထွက်ကြတဲ့ တိရစ္ဆာန်တွေအတွက် အနှောင့်အယှက် ဖြစ်လာစေတယ်။
လတွေ၊ကြယ်တွေရဲ့ သဘာ၀အလင်းရောင်ကို အားပြုပြီးမှ ညဘက်မှာ ရွှေ့ပြောင်းသွားလာတတ်တဲ့ ငှက်တွေ၊ လိပ်တွေဟာ လူလုပ်မီးအလင်းရောင်တွေကြောင့် လမ်းပျောက်စေပါတယ်။ ဒါ့အပြင် လူလုပ်အလင်းရောင်တွေဟာ တိရစ္ဆာန်တွေရဲ့ အိပ်စက်မှုစက်၀န်းတွေ၊ မျိုးဆက်ပြန့်ပွားဖို့အတွက် မိတ်လိုက်တာတွေနဲ့ ညဘက်အစာထွက်ရှာတာတွေအတွက် အများကြီးအေနှာင့်အယှက်ဖြစ်စေပါတယ်။
အထူးသဖြင့် LED ဘေလ်ဘုတ်မီးရောင်တွေ၊ လမ်းမီးရောင်တွေ၊ မြို့ကြီးပြကြီးတွေ ထွက်တဲ့ အလင်းရောင် တန်းတွေဟာ နမြို့ပြတိုးချဲ့မှု များလာတာနဲ့အမျှ တိရစ္ဆာန်တွေနေထိုင်တဲ့နေရာအထိ ကျူးကျော် ရောက်လာ ပါတယ်။ သည်လို အလင်းညစ်ညမ်းမှုတွေကြောင့် ပိုးစုန်းကြူးလိုမျိုး အလင်းနဲ့ အချင်းအချင်းဆက်သွယ်ကြတဲ့ သတ္တ၀ါလေးတွေက တစ်ကောင်ရဲ့ အလင်းရောင်ကို တစ်ကောင်က ကောင်းကောင်းမမြင်နိုင်ကြတော့ပါဘူး။
ဒါကြောင့် သူတို့ အချင်းချင်း ချစ်ကြိုးသွယ်ဖို့ ‘သင်္ကေတ’ တွေမပြနိုင်တော့တဲ့အတွက် မျိုးပွားနှုန်းတွေ လျော့ကျလာပါတယ်။ အချင်းချင်းဆက်သွယ်ဖို့ ပြဿနာဖြစ်လာပါတယ်။ သုတေသနပညာရှင်တွေကတော့ အလင်းညစ်ညမ်းမှုဟာ ပိုးစုန်းကြူးတွေ ပျောက်ကွယ်ဖို့၊ မျိုးတုန်းသွားဖို့ အတွက် အန္တရာယ်ကြီးမားနေတယ်လို့ဆိုတယ်။
ဒါ့အပြင်သူတို့နေထိုင်တတ်တဲ့ နေရာတွေပျောက်ဆုံးလာတာကလည်း မျိုးတုန်းပျောက်ကွယ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ရေ၀ပ်တတ်တဲ့ စိုစွတ်တဲ့စိမ့်မြေတွေမှာမှ သားပေါက်ရှင်သန်နိုင်ကြတဲ့အတွက် သစ်တောပြုန်းတီးတာတွေ၊ မြို့ပြချဲ့ထွင်တာတွေကလည်း ပိုးစုန်းကြူးတွေကိုမျိုးတုန်းဖို့ တွန်းအားပေးနေတာပါတယ်။ ဒါ့အပြင်ရာသီဥတု ပြောင်းလဲမှုကလည်း အကြောင်းအရင်းတစ်ခုဖြစ်စေပါတယ်။
ကျမတို့ မျိုးဆက်ဟာ ပိုးစုန်းကြူးတွေကိုမြင်ရတဲ့ နောက်ဆုံးမျိုးဆက် ဖြစ်လာနိုင်မလားဆိုတာကို အတိအကျ ပြောရခက်ပေမယ့်လည်း လေ့လာတွေ့ရှိချက်တွေအရတော့ ပိုးစုန်းကြူးတွေ အများအပြားရှိတဲ့ အမေရိကတိုက်မှာတော့ ပိုးစုန်းကြူးအရေအတွက် သိသိသာသာ လျော့ပါးလာပြီးလို့ဆိုတယ်။
ပိုးစုန်းကြူးတွေမရှိတော့ဘာဖြစ်လဲ
လူသားတွေအပါအဝင် သည်ကမ္ဘာမှာ နေထိုင်ကြတဲ့သက်ရှိမျိုးစိတ်တွေဟာ တစ်ခုနဲ့တစ်ခုအပြန်အလှန် ချိတ်ဆက် မှီခိုနေကြပါတယ်။ ကျမတို့လူသားတွေ ကြောက်လှပါတယ်ဆိုတဲ့ ကျားတို့၊ ခြင်္သေ့တို့လိုမျိုး သတ္တဝါတွေ မျိုးတုန်းသွားရင် သူတို့စားတဲ့ သမင်တွေ၊ မျောက်တွေ အကန့်အသတ်မရှိ ပွားများလာလိမ့်မယ်။ အဲသည်နောက် သမင်တွေဟာ လူတွေရဲ့ စိုက်ခင်းတွေကို ၀င်ရောက်နှောင့်ယှက်တာပိုဆိုးလာမယ်။ မျောက်တွေကနေတဆင့် လူတွေဆီကိုကူးစက်တဲ့ ရောဂါတွေပို များလာမယ့်သဘောပါ။
ဒါဟာ သဘာ၀တရားကြီးက ကမ္ဘာပေါ်မှာရှင်သန်နေကြတဲ့ မျိုးစိတ်တွေအချင်းချင်းဟာ တစ်ခုနဲတစ်ခု အပြန်အလှန်မှီခိုနေကြတယ်၊ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာကို လက်တွေ့ပြထားတဲ့ ဥပမာလေး တစ်ခုပါ။
မျိုးစိတ်တစ်ခု ပျောက်ကွယ်သွားရင် ဘာတွေသက်ရောက်နိုင်လဲဆိုတာ ချက်ခြင်းသိသာနိုင်တာမျိုးရှိသလို ကာလကြာမှသိသာလာတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ပညာရှင်တွေက မျိုးစိတ်တွေ မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့ အရေးတကြီးပြောနေကြတာဖြစ်ပါတယ်။
ပိုးစုန်းကြူးတွေဟာ သားလောင်းဘ၀မှာကတည်းက အပင်တွေနဲ့စိုက်ပျိုးရေးလုပ်ငန်းမှာ အနှောင့်အယှက်ဖြစ်တဲ့ ခရုတွေ၊ ပတ်ကျိတွေနဲ့ အင်းဆက်တချို့ကို စားပေးပါတယ်။ ဒါဟာ စိုက်ပျိုးရေးလုပ်ငန်းမှာ ပိုးသတ်ဆေးတွေကို လျှော့ချဖို့အတွက် အများကြီးအထောက်အကူပြုပါတယ်။ ဒါ့အပြင် ပိုးစုန်းကြူးတွေရဲ့ သားလောင်းဘ၀ကလည်း အခြားမျိုးစိတ်တွေအတွက် အစာလည်းဖြစ်ပေးပါသေးတယ်။
အရွယ်ရောက်ပိုးစုန်းကြူးလေးတွေဆိုရင် စိုက်ပျိုးရေးလုပ်ငန်းမှာ အပင်တွေ၀တ်မှုန်ကူးဖို့အတွက် အများကြီး အထောက်အကူပြုတယ်။ ပိုးစုန်းကြူးတွေရှိနေတာဟာ သဘာ၀ပတ်၀န်းကျင်သန့်ရှင်း နေတဲ့သဘောပါ။
ပိုးစုန်းကြူးဟာ အလင်းရောင် ထုတ်လွှတ်ပေးတဲ့ အကောင်လေးဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်စရာကောင်းသလို့ လူသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ တိမ်းညွတ်စရာလည်းဖြစ်စေပါတယ်။ ပိုးစုန်းကြူးတွေနဲ့ပတ်သက်တဲ့ ရိုးရာပုံပြင်တွေ၊ ရုပ်ရှင်တွေ၊ သီးချင်းတွေ၊ ၀တ္တုတွေ၊ ကဗျာတွေဟာလည်း လူသားတွေရဲ့ ယဥ်ကျေးမှုစံနှုန်းတွေကို လက်ဆင့်ကမ်းရာမှာ အရေးပါပါတယ်။
လက်ရှိအချိန်မှာ အိမ်နဲ့၀ေးနေပြီးအိမ်ကိုလွမ်းနေတဲ့ ကျမအတွက်ကတော့ ပိုးစုန်းကြူးကိုမြင်လိုက်ရတာက အိမ်ကိုပြန်ရောက်သွားသလိုပါပဲ။ ဆုံးသွားတဲ့အဖေ့ကိုထပ်တွေ့ရတာမျိုးပါ။ ပိုးစုန်းကြူးဟာ ကျမတို့အတွက် အိမ်အလွမ်းပြေစိတ်ပါ။ ကျမတို့ရဲ့ ကလေးဘ၀ အမှတ်တရတွေပါ။
ပိုးစုန်းကြူးလေးတွေပျောက်သွားတာဟာ ကျမတို့ ကလေးဘ၀တွေ ပျောက်ဆုံးသွားသလိုပါပဲ။ ဒါ့အပြင့် ကျမတို့မျိုးဆက်တွေရဲ့ ကလေးဘဝအမှတ်တရတွေကိုပါ ဖျက်ဆီးလိုက်သလိုပါပဲ။
မပျောက်အောင်ဘယ်လိုထိန်းသိမ်းကြမလဲ..။ သူတို့ မျိုးစိတ်တွေနေထိုင်တဲ့ နေရာမပျက်ဆီးအောင် ထိန်းသိမ်း ပေးတာ၊ ညဘက်မှာ မီးရောင်တွေကို လိုအပ်သလောက်ပဲသုံးတာ၊ အိမ်ထဲမှာဆို မီးအလင်းရောင်တွေကို မှိန်မှိန်လေးပဲသုံးတာ၊ ပိုးသတ်ဆေးတွေကိုလျှော့သုံးတာ၊ သစ်တောပြုန်းတီးမှုမဖြစ်အောင် ထိန်းသိမ်းပေးတာ လုပ်နိုင်ပါတယ်။
ဒါဟာ သဘာ၀ ပိုးစုန်းကြူးတွေကို ထိန်းသိမ်းပေးရာရောက်တဲ့အပြင် ကျမတို့ရဲ့ ကလေးဘ၀ အမှတ်တရတွေကိုလည်း ထိန်းသိမ်းပေးရာရောက်ပါတယ်။
ရွာသူ
Reference :
https://www.firefly.org/why-are-fireflies-disappearing.html
https://www.fws.gov/story/save-fireflies
https://site.extension.uga.edu/dekalb/2025/07/are-we-really-the-last-generation-to-see-fireflies







