ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖခင်နာရေးအတွက် မြိတ်ကိုလာသည့် ရဟန်းတစ်ပါးပျောက်နေ၊ ၉ ရက်ကြာအထိ ဆက်သွယ်မရ

August 27, 2024

ဖခင်ဖြစ်သူနာရေးအတွက် မြိတ်မြို့သို့ကြွလာသည့် ရဟန်းတစ်ပါး လမ်းခရီးတွင်ပျောက်နေပြီး ကိုးရက်ကြာသည်အထိ အဆက်အသွယ်မရကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

ပျောက်ဆုံးနေသည့် ရဟန်းဘွဲ့တော်မှာ အရှင်ဝိသုတ (မြိတ်) ဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်နေ့မနက်ပိုင်းက ရန်ကုန်မြို့မှစတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ဆင်းလာတဲ့ မနက်က ဆင်းလာနေတဲ့အကြောင်း ဖုန်းဆက်တယ်။ အဲဒီကတည်းက ခုထိ ဆက်သွယ်မရတော့ဘူး။ ဘယ်ကားနဲ့လာတယ်ဆိုတာလည်း မမေးမိတော့ ကားသမားတွေကိုလည်း စုံစမ်းတယ် မရဘူး။ စာသင်နေတဲ့ကျောင်းကိုလည်း ပြန်မရောက်လာဘူးတဲ့” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ယင်းကြောင့် မိသားစုက အရှင်ဝိသုတ ကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၆၈၉၉၉၈၈၇၆ သို့ ဆက်သွယ် အကြောင်းကြားပေးရန် အကူအညီတောင်းထားသည်။

အရှင်ဝိသုတသည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် MA ပထမနှစ်သင်တန်းတက်ရောက်ပြီး ဗုဒ္ဓစာပေများ သင်ကြားနေသည့် စာသင်သားရဟန်းဖြစ်သလို မြိတ်မြို့ရှိ လှည်းဘီးပရိယတ္တိ စာသင်တိုက်တွင်လည်း စာဝါများပို့ချပေးလေ့ရှိကြောင်း မိသားစုဝင်ထံမှသိရသည်။

ယခုရက်ပိုင်းအတွင်း ရဟန်းသံဃာများ အပါအဝင် လူပျောက်မှုများ ဆက်တိုက်ရှိနေပြီး မည်သည့်အကြောင်းရင်းကြောင့် ပျောက်ဆုံးမှုများ ဖြစ်နေကြောင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။