စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပဝကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်က မနေ့(ဇွန်လ ၂၆) နံနက် ၁၀ နာရီခန့်တွင်တစ်ကြိမ် နေ့လယ် ၂ နာရီတွင် တစ်ကြိမ် ည ၈နာရီတွင်တစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။
“လူတွေအိမ်တွေ ထိခိုက်တာတော့ မကြားရသေးဘူး။ မြစ်ထဲချောင်းထဲပဲ ကျနေတယ်။ ရွာသားတွေကတော့ စိုးရိမ်နေတာပေါ့”ဟု ပဝဒေသခံ အမျိုးသား ကပြောသည်။
ပဝကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားသည့်နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ဆက်နွယ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် ခဲများတင်လာသော ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဇွန်လ ၂၄ ရက်နေ့က ထိန်းသိမ်းကာ စစ်ဆေးနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း ပစ်ခတ်နေခြင်းမှာ ယင်းကြောင့်ဖြစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
ခဲသယ်ဆောင်လာသည့် ကားနှစ်စီးကို ထိန်းသိမ်းစစ်ဆေးနေမှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူများက တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။